ခန္ဓာကိုယ်ကို အရိုး၊ ကြွက်သား၊ အကြော၊ အရွတ်၊ အရိုးနုတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီအစိတ်အပိုင်းတွေ အားလုံး ကျန်းမာပြီး ကိုယ့်တာဝန်ကိုယ်ကျေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကို ကောင်းကောင်းကွေးနိုင် ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုလည်း ရှိပါတယ်။ ဒါကတော့ အရိုးနုပါ။ အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓာကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီး ကွေးနိုင်ဆန့်နိုင်တာပါ။ ဒီတစ်ခေါက်တော့ ကွေးလိုက်ဆန့်လိုက်တိုင်းမှာ အဆစ်ထဲကနာတာ ၊ တကျွတ်ကျွတ်မြည်သံတွေ ထွက်တာကနေ ကင်းဝေးစေဖို့အတွက် အရိုးနုလေးတွေ ကျန်းမာအောင် စားပေးသင့်တဲ့ အစားအစာလေးတွေအကြောင်း ပြောပြပေးပါရစေနော်။

 

အရိုးနုက ဒီလောက်ထိအရေးပါတာပါ

 

အရိုးနုဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ တွယ်ဆက် တစ်ရှုးလို့သိထားကြပြီး ခန္ဓာကိုယ်နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ အရိုးနုလေးတွေ ကျန်းမာ ကောင်းမွန်နေလို့သာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လိုသလို အကွေးအဆန့်လုပ်ပြီး လှုပ်ရှားနိုင်နေ တာပါ။ တကယ်လို့ အရိုးနုလေးတွေသာ ထိခိုက်ပျက်စီးသွားမယ်ဆိုရင် ရောင်ရမ်းနာကျင်တာ၊ အကြော တွေ တင်းတောင့်နေတာ၊ နာကျင်တာတွေခံစားရနိုင်ပါတယ်။ ဒီအခြေအနေကနောက်ပိုင်းမှာ အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

 

အရိုးနုလေးတွေကျန်းမာစေဖို့ ဘာတွေစားရမလဲ

 

ပဲတောင့်ရှည်

ပဲတောင့်ရှည်က နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ နာကျင် ရောင်ရမ်းမှုကို လျော့ကျဖို့ဆိုရင် ကိုယ်တွင်းမှာ ကော်လာဂျင်ပရိုတင်းပြည့်ဝနေဖို့ကလည်း မဖြစ်မနေ လိုအပ်မှာပါ။ ပဲတောင့်ရှည်ကိုပုံမှန်စားသုံပေးမှုက အရိုးနုလေးတွေ ကျန်းမာနေစေဖို့ လိုအပ်တဲ့ ကော်လာဂျင်ကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်ပြီး အရိုးနုလေးတွေ ပျက်စီးခဲ့ရင်တောင် ပြန်လည်ကောင်းမွန် အောင် အားဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ ပဲအမျိုမျိုး၊ မြေပဲနဲ့ ပဲနီလေးတို့လိုမျိုး ပဲတွေစားသုံးပေးတာက လည်း အရိုးနုကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

 

လိမ္မော်သီး

 

အရိုးနုလေးတွေအတွက် လိုအပ်တဲ့ ပရိုတင်းဖြစ်တဲ့ကော်လာဂျင်ကို ထုတ်လုပ်ဖို့ ခန္ဓာကိုယ်မှာ ဗီတာမင် C လိုအပ်မှာပါ။ ဒီဓါတ်ကို လိမ္မော်သီးက အပြည့်အဝ ရရှိစေနိုင်ပါတယ်။ အရိုးနုတွေ ပျက်စီးသွားခဲ့ရင် တောင် ကော်လာဂျင်ပရိုတင်း ပြည့်ပြည့်ဝဝရရှိမယ်ဆိုရင် ပြန်လည်ကောင်းမွန်စေနိုင်တာကြောင့် ကော်လာဂျင်ပြည့်ဝနေစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် C က ပြည့်ဝနေမှဖြစ်မှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးတဲ့အစားအစာတွေထဲမှာ လိမ္မော်သီးအပြင် ဗီတာမင် C ပြည့်ဝစွာ ပါဝင်နေတဲ့ ကီဝီသီး၊ ငရုတ်ပွ၊ ကိုက်လန်၊ စတော်ဘယ်ရီတို့ကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

 

သလဲသီး

 

သလဲသီးက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာ စေနိုင်ပါတယ်။ ဒါကြောင့် အရိုးနုလေးတွေကျန်းမာစေဖို့ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ သလဲသီးကို မေ့ထားလို့ မဖြစ်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ သလဲသီးစားပေးပါ။

 

လက်ဖက်စိမ်းရေနွေးကြမ်း

 

လက်ဖက်စိမ်းရေနွေးကြမ်းက ကျန်းမာရေးကောင်းစေတယ်ဆိုတာကတော့ အာလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီလိုမျိုး များပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အရိုးနုလေးတေွကို ကျန်းမာစေ တာကလည်း တစ်ခုအပါအဝင်ပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့ catechins နဲ့ polyphenols ဒြပ်ပေါင်းတွေက အရိုးနုကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့်နေ့စဉ် လက်ဖက်စိမ်းရေနွေးကြမ်းလေး တစ်ခွက်လောက်သောက်ပြီး ခန္ဓာကိုယ်ကျန်းမာအောင် ဂရုစိုက်လိုက်ပါ။

 

ဆန်လုံးညို

 

အဆစ်တွေနာတဲ့အခါ အသုံးပြုတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ hyaluronic acid ပါ။ ဒီအက်ဆစ်က အဆစ်တွေလှုပ်ရှားလို့ကောင်းအောင် ချောဆီအဖြစ် လုပ်ဆောင်ပေးပါတယ်။ အရိုးနုပျက်စီးတာလိုမျိုး အသေးစားကိစ္စတွေကို ကုသရာမှာ hyaluronic acid ကို အသုံးပြုကြတာပါ။ ဒီအက်ဆစ်ကို အစား အသောက်ကနေရရှိနိုင်မယ့် အရင်းအမြစ်က ဆန်လုံးညိုပါ။ ဒါကြောင့် နေ့စဉ်လှုပ်ရှားမှုမှာ အရေးပါတဲ့ အရိုးနုလေးတွေ မပျက်စီးဖို့ဆိုရင် ဆန်လုံးညိုကိုလည်း စားသုံးပေးဖို့လိုပါလိမ့်မယ်။ ဆန်လုံးညိုအပြင် မုန်လာဥနီ၊ အမဲသား၊ ဖရုံစေ့တို့ကိုလည်း စားသုံးပေးလို့ရပါတယ်။

 

အခွံမာသီးတွေ

 

ခန္ဓာကိုယ်မှာ hyaluronic acid များစေဖို့အတွက် ဒီအက်ဆစ်ဓါတ်ကို ကောင်းကောင်းစုပ်ယူနိုင်စေဖို့ ခန္ဓာကိုယ်က မဂ္ဂနီဆီယမ်ကို လိုအပ်မှာပါ။ မဂ္ဂနီဆီယမ်ကို ရရှိဖို့ဆိုရင် အခွံမာသီးတွေဖြစ်တဲ့ သစ်ကြားသီး၊ နှမ်းတို့လိုမျိုး အရာတွေကို စားသုံးပေးဖို့လိုအပ်ပါမယ်။ မက်ကာရယ်၊ တူနာတို့လိုမျိုး ပင်လယ်ငါးတွေမှာလည်း မဂ္ဂနီဆီယမ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။

 

သံလွင်ဆီ

 

ဟင်းလျာတွေကို အရသာကောင်းမွန်စေဖို့အတွက် သံလွင်ဆီကို ထည့်ချက်ကြပါတယ်။ သံလွင်ဆီက ဟင်းလျာတွေကို အရသာကောင်းစေရုံတင် မဟုတ်ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အရေးပါတဲ့ အရိုးနုလေးတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။

 

နေ့စဉ်တိုင်းမှာ ကောင်းကောင်းလှုပ်ရှားနိုင်စေဖို့အတွက် ကျန်းမာတဲ့အရိုးနုလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ အခုပြောခဲ့တာလေးတွေကို စားသုံပေးဖို့ တိုက်တွန်းပါရစေ။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”