ရန်ကုန်  ၂၀  မတ်

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် ရန်တိုင်းဒေသကြီးအတွင်းရှိ ပြေးဆွဲနေသော YBS ယာဉ်လိုင်း အချို့တွင် လက်ဆေးနိုင်မည့် Hand Gel များထားရှိခြင်းနှင့် ယာဉ်ပေါ်ပါခရီးသည်များအား ပညာပေးခြင်းများကို ယနေ့ မွန်းလွဲပိုင်းက လူစည်းကားရာ စံပြစျေးမှတ်တိုင်တွင် ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ YBS ယာဉ်လိုင်းတွေမှာ နေ့စဉ်ခရီးသွားပြည်သူတွေ အများဆုံး ထိတွေ့ကိုင်တွယ်တဲ့ လက်ကိုင်ကွင်းတွေ၊ တန်းတွေ၊ အတက်အဆင်း လက်ကိုင်တန်းတွေ၊ ခုံနံရံတွေအားလုံးကို ပိုးသတ်ဆေးပါတဲ့အရည်၊ အမွှေးဆီနဲ့ သန့်ရှင်းရေး လုပ်တယ်။  ဒီရောဂါဟာ မဖြစ်ခင်မှာကြိုတင်ပြီး ကာကွယ်လို့ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးသိရှိအောင် အခုလို ကားတွေပေါ်မှာ လှုပ်ရှားဆောင်ရွက်မှုတွေ များများလုပ်ပေးတဲ့အတွက် ခရီးသွားပြည်သူတွေလည်း ပိုပြီးစိတ်ဝင်စား လာမယ်။ လက်ဆေးခြင်းသည် ရောဂါကို အထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်တော့ လူအတော်များများသိအောင်၊Mask တတ်တဲ့ အလေ့အထတွေရှိအောင် အခုလိုဆောင်ရွက်ပေးနေတာပါ။ ကားပေါ်မှာခရီးသွားနေတဲ့ ပြည်သူတွေ အခုလို ကာကွယ်လှုပ်ရှားမှုတွေ များများလုပ်လေလေ ယာဉ်ပေါ်ပါ ဒရိုင်ဘာတွေအနေနဲ့ကလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်” ဟု YBS  လူထုယာဉ်လိုင်း မှ CEO  ဦးကိုကိုနိုင် က ပြောသည်။

 

2

 

“ဒီနေ့မှာ YBS ကားတွေနဲ့ စီးနင်းလိုက်ပါတဲ့ခရီးသည်တွေ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအနေနဲ့ လက်ဆေးတဲ့ အလေ့အကျင့်ကောင်းတွေရရှိဖို့၊ Mask တပ်ဖို့နဲ့ COVID-19 မဖြစ်ပေါ်စေဖို့ ရှောင်ရန်ဆောင်ရန် အချက်တွေပါတဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေပါတယ်။ ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ပတ်ဝန်း ကျင်မှာ မဖြစ်ပွားစေဖို့ မိမိကနေစပြီး ကာကွယ်နိုင်အောင် ဆောင်ရွက်တာပါ။ ဒါ့အပြင် ကားတွေမှာ လက်ဆေးနိုင်မယ့် Hand Gel ဘူးတွေကိုလည်း ထားရှိပေးနေပါတယ်”ဟု i-Clean Hand Sanitizer မှ မမီမီစိုးက ပြောသည်။

 

အလားတူ သင်္ကန်းကျွန်းစံပြစျေးအတွင်းရှိ သားငါးတန်းများတွင်လည်း အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ လက်ဆေးရန် နှိုးဆော်ခြင်း၊Maskတပ်ဆင်ရန်နှင့် စျေးအတွင်းပိုစတာများ တပ်ဆင်ခြင်း စသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓာတ်ပုံ-မျိုးကြီး