နေပြည်တော် ၂၀ မတ်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး နီလာအစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရှိ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခုလိုအချိန်တွင် Promotion ထက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကလုပ်ငန်းများ စီးပွားရေးထိခိုက်မှုကို ကုစားရေးနှင့် COVID-19 အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရေးတို့အတွက် ကြိုတင်စီမံဆောင်ရွက်ခြင်းများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာရုံးခွဲများအနေဖြင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရေးဆွဲသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ်၊ မကွေး၊ ပဲခူး၊ တောင်ကြီး၊ စစ်တွေ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ဘားအံနှင့် ဟားခါး မြို့များမှ ရုံးခွဲတာဝန်ခံများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ သက်ဆိုင်ရာ ဒေသအလိုက် ခရီးသွားလာရေးနှင့် စပ်လျဉ်း၍ COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့က လုပ်ငန်းပိုင်းဆိုင်ရာများကို ဖြည့်စွက်ဆွေးနွေးမှာကြားကြသည်။
သတင်းစဉ်


