နွေရာသီသို့ရောက်ရှိပြီး အပူချိန် မြင့်မားလာသည်နှင့်အမျှ မြစ်ချောင်းများတွင် ရေနည်းကာ ရေတွင်းရေကန်တို့ ရေခန်းလာသည်။ နိုင်ငံအလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်း၌သာမက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် အခြားဒေသများတွင်ပါ သောက်ရေသုံးရေအတွက် အခက်ပွေ့ကြရသည်မှာ နှစ်စဉ် ရာသီစက်ဝန်း တစ်ပတ်လည်၍ နွေသို့ရောက်တိုင်း ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
စင်စစ်အားဖြင့်မူ မြန်မာနိုင်ငံသည် ရေမရှား၊ ရေသယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဟု ပညာရှင်တို့က ဆိုကြသည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၆၉ ဒသမ ၀၇ လက်မ ရွာသွန်းသည့်အတွက် ရေထုထည်ပမာဏ ကုဗပေ သန်းပေါင်း ၅၈ သန်း ရရှိရာ ယင်းအနက် ၆၂ ရာခိုင်နှုန်းက ရေငွေ့ပျံ၊ မြေထဲစိမ့်ဝင်သွားကြပြီး ၃၀ ရာခိုင်နှုန်းက မြစ်များ၊ ချောင်းများတွင် စီးဆင်းသွားကြသည်။ မြန်မာနိုင်ငံတွင် ရေချိုထုတ်ယူနိုင်မှုက ကမ္ဘာ့အဆင့် (၈) ရှိသည် ဟု ဆိုသည်။ လူတစ်ဦး တစ်နေ့အတွက် ရေချိုရရှိမှုအနေဖြင့် မြန်မာက ၁၀၃၂ ကုဗပေရရှိနေချိန်တွင် ထိုင်းက ၃၂၀ ကုဗပေ။ အိန္ဒိယက ၁၅၆ ကုဗပေသာရရှိကြသည်။ လူတစ်ဦးတစ်နေ့အတွက် ရေချိုရရှိမှု ၁၆၄ ကုဗပေအောက် လျော့နည်းနေလျှင် ရေချို ရှားပါးမှု ဒုက္ခခံစားနေရသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီ ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၇၀၀ မှ ၁၀၀၀ ကျော်အထိ ရေချိုရှားပါးမှုကို ခံစားနေကြရသည်။ ရေချိုရှားပါးရခြင်း၏ အကြောင်းရင်းများတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာပြီး ကမ္ဘာကြီး ပူနွေးလာခြင်း၊ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးလာခြင်း၊ ရှိရင်းစွဲ ရေချိုအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းမထားနိုင်ခြင်း၊ မြို့ပြများတွင် ရေဆိုးများစွန့်ပစ်မှု စနစ်တကျ မပြုလုပ်ခြင်း၊ မိလ္လာစနစ်များ စနစ်မကျခြင်း၊ အမှိုက်များကို မဆင်မခြင်စွန့်ပစ်ခြင်း၊ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်သော ရေချိုအရင်းအမြစ် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းတို့က အဓိကကျသည်။
ရေချိုသည် လူနှင့်တိရစ္ဆာန်များ၊ အပင်များ ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါသည့် လိုအပ်ချက် တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံ စုစုပေါင်း ရေချို၏ ၁၆ ရာခိုင်နှုန်း၊ အာရှရေချိုစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော်လည်း နှစ်စဉ် ရေအခက်ကြုံနေခြင်းက ရေသယံဇာတကို ထိန်းသိမ်းရန်၊ ရေချို အရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် စီမံခန့်ခွဲမှုတို့ လိုအပ်နေကြောင်းကို ပြဆိုနေခြင်းဖြစ်သည်။ ရေရှားပါးခြင်းက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ဘက်ပေါင်းစုံတို့အပေါ်တွင် ရိုက်ခတ်သည်။ ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုပြဋ္ဌာန်းခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တွင် “လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး” ဟူသော ရည်မှန်းချက် ပါရှိရာ အဆိုပါရည်မှန်းချက်ကို ၂ဝ၃ဝ ပြည့်နှစ်တွင် ပြည့်မီနိုင်ရေး အတွက် ဆောင်ရွက်ရမည့်အချက် ခြောက်ချက်လည်း ပါရှိသည်။
မတ်လ ၂၂ ရက်နေ့သည် ကမ္ဘာ့ရေနေ့ဖြစ်ပြီး လူသားများအတွက် ရေချို၏ အရေးပါမှုကို သတိမူနိုင်ကြရေးနှင့် ရေချိုအရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် ရည်ရွယ်၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်အဖို့ “ရေနှင့် ရာသီဥတုပြောင်းလဲမှု”ကို အထူးပြု၍ ကျင်းပသွားမည် ဖြစ်သည်။ မိမိတို့နိုင်ငံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွင် ဘေးဒဏ် အခံရဆုံးနိုင်ငံများ၌ ပါဝင်ရာ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေသယံဇာတအရင်းအမြစ်များ အပေါ်တွင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မျှော်တွေးစီမံသွားရမည်ဖြစ်သည်။ နှစ်စဉ်ရွာသွန်းသည့် မိုးရေကို သိုလှောင် ထိန်းသိမ်းခြင်း၊ မြေအောက်ရေ စိမ့်ဝင်နိုင်ရေးအတွက် သစ်ပင်သစ်တောများ ပြုစုပျိုးထောင်ခြင်း၊ မြို့ပြများတွင် ရေစိမ့်ဝင်နိုင်မည့် ဧရိယာများနှင့် ရေကန်များ ဖန်တီးတည်ဆောက်ခြင်း၊ အမှိုက်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်မှုများ စနစ်တကျ တည်ထောင်ခြင်း စသည့် နည်းလမ်းများဖြင့် ရေသယံဇာတ ထိန်းသိမ်းရေးဆောင် ရွက်မှုများဖြင့် ရာသီဥတုပြောင်းလဲမှုအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်ကြမည်ဟု ယုံကြည်မိပါကြောင်း။ ။
မြန်မာ့အလင်း