ဖယ်ခုံ   ၂၁ မတ်

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် သောက်သုံးရေ ဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ဒေသမှာ သောက်သုံးရေရရှိဖို့က အတော်ခက်ခဲပါတယ်။ အိမ်ခေါင်မိုးကကျတဲ့ မိုးရေကို လှောင်ကန်ကြီးနဲ့ထားပြီး နှစ်ပတ်လည်အသုံးပြုနေရတာပါ။ စိမ့်စမ်းရေသွယ်ယူဖို့ကလဲ အလှမ်းဝေးတော့ ကုန်ကျစရိတ်က ကျွန်တော်တို့ကိုယ့်အားကိုယ်ကိုး မလုပ်နိုင်ခဲ့ဘူး။ ခုလိုကျေးလက်ဦးစီးဌာနက အကုန်အကျခံ ဆောင်ရွက်ပေးတဲ့အတွက် အိပ်မက်တွေတကယ်ဖြစ်လာပြီလို့ ပြောရမယ်။ ဒီအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရပ်မိရပ်ဖတစ်ဦးပြောသည်။

 

‌ေ

 

အဆိုပါလုပ်ငန်းများကို ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် မြို့နယ်ရုံးတာဝန်ရှိသူများ၊ သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံများ၊ ကျေးရွာရေပေးရေး လုပ်ငန်းကော်မတီများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို မတ်လ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

‌ေ

 

“ဒီရီနွဲ့ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတွေထဲက အခက်ခဲဆုံးဖြစ်တဲ့ ကျေးရွာ ၂၀ မှာ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူရေးလုပ်ငန်းတွေကို စုစုပေါင်းရန်ပုံငွေကျပ် ၈၉၀ ဒသမ ၉၈၂ သန်းနဲ့ တင်ဒါရရှိတဲ့ကုမ္ပဏီ ၁၁ ခုက တာဝန်ယူဆောင်ရွက်နေတာဖြစ်တယ်။ အခုစစ်ဆေးတဲ့အချိန်မှာ လုပ်ငန်းအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းပြီးနေပါပြီ။ ဒီလုပ်ငန်းတွေအားလုံးပြီးသွားရင် ကျေးရွာ ၂၀ မှာရှိတဲ့ လူဦးရေ ရှစ်ထောင်ကျော်အတွက် အကျိုးပြုမှာဖြစ်တယ်” လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက ပြောကြားသည်။

ကိုထွေး(ဖယ်ခုံ)