မိုးကောင်း ၂၁  မတ် 

ကချင်ပြည်နယ် မိုကောင်းမြို့၌ လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါနှင့် ဘေးဉပါဒ်အန္တရယ်များမှ အများပြည်သူ ကင်းဝေးစေရန် ရည်ရွယ်၍ ကချင်ပြည်နယ် သံဃနာယက ဉက္ကဋ္ဌ ဆရာတော်၏ ဩဝါဒကိုခံယူကာ သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို မတ် ၂၁ ရက် နံနက် ၈ နာရီခွဲက ဈေးကုန်းရပ်ကွက်ရှိ ဆုတောင်းပြည့် ရွှေသာလျှောင်းဘုရားကြီးဝင်းတွင် ကျင်းပသည်။

အခမ်းအနားကို ကြွရောက်လာသည့် သံဃာတော် ၆၄ ပါးနှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက လတ်တလော ကချင်ပြည်အစိုးရအဖွဲ့မှထုတ်ပြန်ထားသည့် COVID-19 ရောဂါဆိုင်ရာ လိုက်နာရမည့် ဒေသန္တရအမိန့်နှင့်ပတ်သက်သည်များကို လျှောက်ထားတင်ပြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့သုံးဖွဲ့ခွဲ၍ COVID-19 ရောဂါနှင့် ဘေးဉပါဒ်အန္တရာယ်များမှ အများပြည်သူများ ကင်းဝေးစေရန် မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ကြသည်။

အဆိုပါ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို နံနက် ၉ နာရီတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီတစ်ကြိမ်နှင့် ည ၆ နာရီတွင်တစ်ကြိမ် သုံးကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)