နေပြည်တော် ၂၁ မတ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းတောင်ဘက်၊ မြေဧက(၂၇၀)ပေါ်တွင် တည်ဆောက်မည့် အငြိမ်းစားနိုင်ငံဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ လေးထပ်တည်ဆောက်ရေးစီမံကိန်း ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် နေရာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်တရိုက်တာများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ လေးထပ်တည်ဆောက်ရေးစီမံကိန်း ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းတို့ကို စိုက်ထူပေးကြသည်။

ဆက်လက်၍ ကိုရိုနာဗိုင်းရပ်စ် COVIE-19 ရောဂါကာကွယ်ရေးရန်ပုံများကို လှူဒါန်းပေးရာ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က လှူဒါန်းသည့် ငွေသိန်း(၃၀ဝ)ကျပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်တရိုက်တာများ အသင်းချုပ်က လှူဒါန်းသည့် ငွေသိန်း(၃၀ဝ)ကျပ်တို့ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဉီးရဲမင်းဉီးတို့က လွှဲပြောင်းလက်ခံပေးသည်။

အဆိုပါ အငြိမ်းစားနိုင်ငံဝန်ထမ်းအိမ်ရာ အိမ်ခန်းပေါင်း(၃၀ဝ၀) လေးခန်းတွဲ၊ လေးထပ်တည် ဆောက်ရေးစီမံကိန်းကို မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်က တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)