ရန်ကုန် ၂၁ မတ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရှိ မိဘပင်စင်စားများအနက် မြို့တော်ခန်းမရှိ ဘတ်ဂျက်နှင့် ငွေစာရင်းစာဌာနတွင် လစဉ်ငွေသားများ ထုတ်ယူနေကြသည့် ပင်စင်စားများသည် ၂၀၂၀ ပြည့်နှစ် မတ်လ ပင်စင် လစာငွေကို မတ် ၂၄ ရက် နေ့မှ စတင်၍ ၂၉ ရက်နေ့ထိ လစာထုတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများသည် လစဉ်ငွေသားနှင့် လာရောက်ထုတ်ယူနေခြင်းအစား ရန်ကုန် မြို့တော်ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်များတွင် ငွေစုစာရင်းဖွင့်လှစ် ထည့်သွင်း၍ မိမိလိုအပ်ချိန်တွင် အဆိုပါငွေစုစာရင်းမှ ထုတ်ယူခြင်းကိုလည်းကောင်း၊ ရန်ကုန်မြို့တော်ဘဏ်တွင် ATM စာရင်းဖွင့်လှစ်၍ မိမိနှင့် နီးစပ်ရာ မည်သည့်ဘဏ်၏ ATM စက်များတွင် မဆို ထုတ်ယူခြင်းဖြင့် လည်းကောင်း၊ပြောင်းလဲဆောင်ရွက်မည်ဆိုပါက မြို့တော်ခန်းမသို့ လာရောက်ထုတ်ယူခြင်းဖြင့် အချိန်ကုန် လူပင်ပန်းသည့်ဒုက္ခ ကင်းဝေစေမည်ဖြစ်ပြီး မိမိလိုအပ်ချိန်တွင် လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်သည့်အပြင် မထုတ်ယူဘဲ စုဆောင်းထားမည်ဆိုပါက ဘဏ်၏ သတ်မှတ်အတိုးနှုန်းကို ရရှိ ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ပျံ့နှံ့လျက်ရှိသော Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ပင်စင်လစာ စတင်ထုတ်ပေးသည့် မတ် ၂၄ ရက်နေ့မှစ၍ သုံးရက်အတွင်း စုပြုံထုတ်ယူခြင်းမပြုကြဘဲ လစာထုတ်ရက်နှင့် အစိုးရရုံး ပိတ်ရက်များမှ အပ မတ် ၂၄ ရက် မှ ၂၉ ထိ ကာလတွင်း မိမိအဆင်ပြေသည့်ရက်များတွင် လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။
အာကာစိုး


