ညောင်ဦး ၂၁ မတ်
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၂၁ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီအချိန် ရောက်ရှိလာပါက မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံပြည်သူများ သောက်သုံးရေ ရှားပါးမှုအခက်အခဲများ နှစ်စဉ် ကြုံတွေ့ နေရလေ့ရှိပြီး ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာ ပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က စေတနာရှင်ပြည်သူများ၏ ပံ့ပိုးလှူဒါန်းငွေဖြင့် ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက် သွားရောက်ပြီး သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးနေကြောင်း ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းမင်းထွန်း က ပြောသည်။
ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရန်အတွက် သွားရောက်လှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတရေလှူအသင်းက ရေဂါလန် ၁၅၀ဝ ဆံ့ ရေသယ်ယာဉ်တစ်စီး ၊ သုမင်္ဂလာ ပရဟိတရေလှူအသင်းက ရေဂါလန် ၁၂၀ဝ ဆံ့ ရေသယ်ယာဉ်တစ်စီး တို့ဖြင့် သွားရောက်၍ ရွာသစ်တောင်ကျေးရွာရှိ အိမ်ခြေ ၁၈၆ အိမ်ရှိ လူဦးရေ ၂၀ဝ၀ ကျော်ခန့်အား သောက်သုံးရေဖူလုံစေရေး အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


