ကြို့ပင်ကောက် ၂၁ မတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း နွေရာသီသောက်သုံးရေ ရှားပါးသော တမံဆည်ကျေးရွာတွင် သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ထားသော ရေရရှိရေးလုပ်ငန်းကို မတ် ၂၀ ရက်က တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ချောစုဇံ၊ သာယာဝတီခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါတမံဆည်ကျေးရွာရှိ အိမ်ထောင်စု (၅၅)စုမှ လူဦးရေ (၂၃၄)ဦးတို့အတွက် နွေရာသီရေရှားပါချိန် သောက်သုံးရေ ရရှိသုံးစွဲနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၆)သန်းဖြင့် ပျူတိုင်းသားကုမ္ပဏီက တာဝန်ယူ၍ အချင်း ၄ လက်မတွင်းအနက် ပေ ၄၀ဝ တူးဖော်ခြင်း၊ ရေစက်ရုံနှင့် ရေဂါလန် ၂၀ဝ၀ ဆံ့ အုတ်ရေကန်တို့အား ဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်အထိ (၇၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ကျေးရွာရေရရှိရေးလုပ်ငန်း (၁၃)ခုကို ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နွေရာသီတွင် သန့်ရှင်းသောသောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဖုန်း ဝ၅၃-၅၀၉၆၆၊ မြို့နယ်ဦးစီးမှူး ဖုန်း ဝ၉-၄၂၃၆၇၆၁၉၁ နှင့် ဒေါ်အေးမို့မို့ဝင်း အငယ်တန်းအင်ဂျင်နီယာ-၂ ဖုန်း ဝ၉-၂၅၀၇၂၅၆၆၃ တို့ထံ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက် ပြန်/ဆက်)


