နေပြည်တော် ၂၁ မတ်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေးထပ်ထိုး ကန့်သတ်ချက်များကို ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြုချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

အဆိုပါ အကြံပြုချက်တွင် ကမ္ဘာတစ်ဝန်း COVID-19 ရောဂါပျံ့နှံ့မှုနှုန်း အလွန်များပြားလာသည့်အတွက် ရောဂါကူးစက်မှုထပ်တိုးလာသည့် နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအပေါ်  ကြိုတင်ကာကွယ်မှုဆောင်ရွက်မည့် ကန့်သတ်ချက်အသစ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း။

 

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း အလွန်မြင့်မားလာသည့် ထပ်တိုးနိုင်ငံများအပေါ် ယာယီကန့်သတ်ချက်များ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့တွင် လွန်ခဲ့သည့် (၁၄)ရက်အတွင်း နေထိုင်ခဲ့သူများနှင့် သွားရောက်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံးကို မြန်မာနိုင်ငံသို့ရောက်ရှိ ချိန်မှစတင်၍ (၁၄) ရက် သီးသန့်သတ်မှတ်ထားသည့် နေရာများတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစတင်၍ ၎င်းတို့၏နေအိမ်များတွင် (၁၄) ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွားကြရန်ဖြစ်ကြောင်း၊ ၎င်းတို့အားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်များ အပေါ်သို့မတက်ရောက်မီ အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝသည့် လက္ခဏာများမရှိကြောင်း ဖော်ပြပါရှိသည့် သက်ဆိုင်ရာနိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေးအဖွဲ့အစည်းမှ ထုတ်ပေးသည့် ဆေးထောက်ခံစာ ပြသရန်လိုအပ်ကြောင်း။

 

ဆိုက်ရောက်ဗီဇာ (Visa on Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-visa) ထုတ်ပေးခြင်းများအပေါ် ယာယီရပ်ဆိုင်းမည့် အစီအမံများအဖြစ် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-visa) ထုတ်ပေးခြင်းများကို ကန့်သတ်ချက်ထုတ်ပြန်သည့်နေ့မှစ၍ ဧပြီ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်းနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် ဖော်ပြထားသည်။

 

သတင်းစဉ်