မန္တလေး ၂၁ မတ်
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း အမှတ်(၃၁)အဆန် အမြန်ရထားအား လေအေးစက်ပါ ကိုရီးယားလေအိတ် တွဲဆိုင်းအသစ်ဖြင့် စတင်ပြေးဆွဲခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးဘူတာကြီး မှ စတင်ပြေးဆွဲရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ချမ်းအေးသာစံ-၁) ဦးအောင်ရွှေ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၊ အထွေထွေမန်နေဂျာ (စက်မှု/လျှပ်စစ်) ဦးမင်းအောင်နှင့် အထွေထွေမန်နေဂျာများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက မန္တလေး-မြစ်ကြီးနား အမှတ်(၃၁)အဆန် အမြန်ရထားဖြင့် လိုက်ပါမည့် ခရီးသည်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေး-မြစ်ကြီးနား အမှတ်(၃၁)အဆန် အမြန်ရထားအား စက်ခေါင်းအမှတ် DF-2102 ဖြင့် စက်ခေါင်းမောင်း ဦးဝင်းမော်၊ လက်ထောက် စက်ခေါင်းမောင်း ဦးရဲမြင့်အောင် တို့ မောင်းနှင်၍ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဝင်းမြင့်လွင် နှင့် မြန်မာ့မီးရထား ဝန်ထမ်းများ မောင်းနှင်လိုက်ပါသည့် ကိုရီးယားနိုင်ငံထုတ် အဲယားကွန်းပါ လေအိတ် အထက်တန်း တွဲ(၁၀)တွဲ၊ စားသောက်တွဲ (၁)တွဲ၊ ရိုးရိုးတန်းနှင့် ဘရိတ်တွဲ (၁)တွဲ တို့ ပါဝင်ပြီး အထက်တန်းတွဲ တွင် ခရီးသည်(၃၃၀)ဦး၊ ရိုးရိုးတန်းတွဲတွင် ခရီးသည်(၃၀)ဦး စုစုပေါင်း(၃၆၀)ဦးတို့အား တင်ဆောင်၍ မန္တလေးဘူတာကြီး မှ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါမန္တလေး-မြစ်ကြီးနား ခရီးစဉ် လေအေးစက်ပါ ကိုရီးယားလေအိတ်တွဲဆိုင်း အမြန် ရထားအား ကိုရီးယားသမ္မတနိုင်ငံမှ ချေးငွေဖြင့် ကိုရီးယားနိုင်ငံ Dawonsys Co.,Ltd. မှ ဝယ်ယူခဲ့ပြီး တွဲ(၁)တွဲလျှင် အမေရိကန်ဒေါ်လာ (၄၄၀၀၀၀)တန်ဖိုး ဖြစ်ကြောင်း၊ အဆိုပါ ရထားတွင် ရိုးရိုးတန်း လက်မှတ်တစ်စောင်လျှင် (၁၀၀၀၀)ကျပ်၊ အထက်တန်းလက်မှတ် တစ်စောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းဖြစ်ပြီး မြစ်ကြီးနားဘူတာသို့ နောက်တစ်ရက် နံနက်၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကာ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်းနှင့် မိုးကောင်း ဘူတာများတွင် ခေတ္တရပ်နားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


