၂၁ မတ်
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ကို မတ် ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပွဲစဉ် (၁၀) ကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်သည်။
ပွဲစဉ် (၁၀) အဖြစ် မတ် ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ YUSC ကွင်း၌ စစ်ကိုင်းအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ မတ် ၂၄ ရက်တွင် YUSC ကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Southern အသင်း၊ မတ် ၂၅ ရက်တွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယခုတစ်ပတ်တွင် ဇယားထိပ်ပိုင်းမှ အသင်းများ နိုင်ပွဲဆက်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး ပွဲအားလုံးကို ရန်ကုန်မြို့သို့ပြောင်းလဲပြီး ကွင်းပိတ်ကစားရမည် ဖြစ်သောကြောင့် အိမ်ကွင်းအားသာချက် ရရှိနိုင်မည်မဟုတ်ဘဲ နိုင်ပွဲရရန် အားကုန်ထုတ် ကစားရမည်ဖြစ်သည်။ ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းသည် ဇယားအောက်ပိုင်းမှ ဇွဲကပင်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဧရာဝတီအသင်း၏ တစ်မှတ်အကွာဖြင့် လိုက်လံဖိအားပေးနေသောကြောင့် မဖြစ်မနေနိုင်ပွဲရရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဧရာဝတီအသင်းမှာမူ အဆင့် ၅ နေရာမှ ရခိုင်အသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်ပြီး ဟံသာဝတီအသင်းကို ဆက်လက်ဖိအားပေးနိုင်ရန် အမှားလုပ်၍ မရသည့် အနေအထားဖြစ်နေသည်။
တတိယနေရာမှ ရန်ကုန်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့မှာမူ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မကွေး၊ Southern အသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး အမှတ်လိုနေသည့် အသင်းများ၏ ရုန်းကန်မှုများကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ပွဲစဉ် (၉) အပြီးတွင် ဟံသာဝတီအသင်းက ၂၄ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၃ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၂၀၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်၊ ရခိုင်အသင်းက ၁၅ မှတ်၊ စစ်ကိုင်းအသင်းက ၁၃ မှတ်၊ ရတနာပုံအသင်းက ၁၀ မှတ်၊ မကွေးနှင့် အားကာသိပ္ပံအသင်းက ခုနစ်မှတ်စီ၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ Southern နှင့် ချင်းယူနိုက်တက်အသင်းက လေးမှတ်စီရရှိထားသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်