ညောင်ဦး ၂၁ မတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ပုဂံဌာနခွဲ၊ ပြတိုက်ဌာနစုတို့ ပူးပေါင်းကာ Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်မှုများ စီမံဆောင်ရွက်ထားကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်ထံက သိရသည်။
ပုဂံဌာနခွဲ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း ပြည်ပ ဧည့်သည်များ နေ့စဉ် လာရောက် လေ့လာလျက်ရှိရာ ပြတိုက်ဝန်ထမ်းများနှင့် ပြတိုက်လာဧည့်သည်များ ကိုယ်အပူချိန် တိုင်းတာနိုင်ရေး ပြတိုက်အစီအစဉ်ဖြင့် Non Contact Thermometer (၂) ခုဝယ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိခြင်းနှင့် အခြားလိုအပ်နိုင်မည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မျက်ခြေမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ်လ ၂၀ ရက် ကလည်း ပုဂံဌာနခွဲ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၏ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်ရန် အလှူရှင်များ ဖြစ်ကြသည့် Trusty Group of Myanmar Co.ltd က Medium တံဆိပ်လက်အိတ် ၁၀ဝ ပါ နှစ်ဘူး၊ B Win Hand Gel ၁ ဂါလံပုံး သုံးပုံး၊ Daily Hand Gel 525 ml ၄ ဘူး၊ Mask ၁၀ဝ ပါ ၁ထုပ်၊ Thant Construction Co.ltd က Mask ၁၀ဝ ပါ တစ်ထုပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေစင်ထိုက်၊ လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်၊နှင့် မြို့နယ်ကျန်းမာရေးမှူး ဦးစိုးလှိုင်ထွန်းတို့က မတ်လ ၂၀ ရက်တွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ လာရောက်ကာ ပုဂံဌာနခွဲ (စီမံဘဏ္ဍာ) ဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်း၊ ပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဇော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့နှင့် တွေ့ဆုံ၍ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်က ပြောကြားသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


