ရန်ကုန် ၂၁ မတ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈)၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အဆောက်အအုံအတွင်းရှိ မြန်မာရေးရာလေ့လာရေးအဖွဲ့ရုံး၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ဆွေးဆွေး မှာကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာရေးရာလေ့လာရေးအဖွဲ့မှ ပညာရှင်များ ဖြစ်ကြသော ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)နှင့် ဦးရဲမြင့်ကျော်တို့ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်မှစ၍ ဖွဲ့စည်းခဲ့မှု၊ သုတေသနအခြေခံစာစောင်များ ထုတ်ဝေနေမှုနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှုတို့အပေါ် ပြန်လည်သုံးသပ်ခြင်း၊ ရှေးလုပ်ငန်းစဉ်များ လျာထားသတ်မှတ်ခြင်းတို့ကို ဆွေးနွေးကြသည်။
မြန်မာလေ့လာရေးအဖွဲ့ (Center for Myanmar Affairs Studies) ကို မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး၊ သုတေသနအခြေခံစာစောင်များ ထုတ်ဝေနိုင်ရေး၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သုတေသန အခြေခံစာစောင်များဖြစ်သော မြန်မာရေးရာ၊ ကမ္ဘာရေးရာနှင့် တိုင်းရင်းသားရေးရာ စာစောင်များ ထုတ်ဝေခြင်း၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်(၁၀၂)ရှိ နဝဒေးရုပ်ရှင်ရုံဝန်းအတွင်း၌ အမျိုးသားဖလင်မော်ကွန်းတိုက် ဆောက်လုပ်ရေးစီမံကိန်း လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်


