နေပြည်တော် ၂၁ မတ်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အင်းပုည − ကျောင်းကုန်း ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း၌ ကွန်ကရစ်တံတား တည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ထောက်ပံ့ငွေ ပေးအပ်ခြင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဘေးသင့်ဒေသများ အလျင်အမြန် ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့က ပြည်သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ သာယာဝတီမြို့နယ် အင်းပုညာ − ကျောင်းကုန်း ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းသည် ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာ ရွာသွန်းခြင်း သဘာဝဘေးကြောင့် ပျက်စီးသွားသဖြင့် ထိုလမ်းပေါ်တွင် ရေရှည်သဘာဝ ဘေးဒဏ်ခံနိုင်သည့် (ပေ ၈၀ x ၁၄ ပေ x ၈ ပေ) ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ရန် လိုအပ်သဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ကျေးရွာ (၁၆)ရွာမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စသည့် အဘက်ဘက်မှ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် စနစ်တကျ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရန် ပြည်သူလူထုက ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေမှ ထောက်ပံ့သည့် ငွေကျပ်သိန်း ၉၉၀ ကို ဒေသခံများနှင့် တာဝန်ရှိသူများထံ ပေးအပ်ပြီး သာယာဝတီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံပြည်သူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။

 

သတင်းစဉ်