ရန်ကုန် ၂၁ မတ်

 

(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်ရန် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)တွင် ယနေ့အချိန်အထိ စာရင်းပေးသွင်းထားသည့် ဆရာဝန်ပေါင်း ၆၀ ဦးခန့်ရှိကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ရုံးအဖွဲ့မှူးထံမှ သိရသည်။

 

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာရှိတဲ့ ဆရာဝန်တွေက လုပ်ငန်းတွေ များပြားတဲ့အတွက် လိုအပ်လာရင် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို စုဆောင်းထားရှိခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) ရုံးအဖွဲ့မှူး ဦးသောင်းညွန့်က ပြောသည်။

 

မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် မတ်လ ၂၀ ရက်မှ စတင်ပြီး စေတနာ့ဝန်ထမ်းလုပ်ရန် ဆရာဝန်များ ခေါ်ယူခဲ့ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)မှ သိရသည်။

 

(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးသွင်းထားသည့် အရိုးအထူးကုဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာမျိုးဇော်ဝင်းက “အဓိက က ကိုယ့်နိုင်ငံမှာမဖြစ်အောင် ပူးပေါင်းပါဝင်တာပါ။ နိုင်ငံမှာဖြစ်ရင် ကျန်းမာရေးလုပ်သားတွေက ရှေ့ဆုံးက ပါဝင်ရမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း (COVID-19) ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာစေချင်ပါတယ်။ မသေချာတဲ့ သတင်းတွေကို နားမထောင်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

 

မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင်းခွဲရုံးများ ဖွင့်လှစ်ထားပြီး အသင်းဝင်ဦးရေ နှစ်သောင်းခန့်ရှိကြောင်း သိရသည်။

 

သတင်း-မင်းသစ်(MNA)