စစ်ကိုင်း ၂၁ မတ်
မန္တလေး - မြစ်ကြီးနား - မန္တလေး ပြေးဆွဲပေးနေသည့် အမှတ် ၃၃ အဆန်၊ ၃၄ အစုန် လေအိတ်အထူးရထားကို မတ် ၂၁ ရက်က စတင်ကာ စစ်ကိုင်းရွာထောင်ဘူတာတွင် ရပ်နားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရွာထောင်ဘူတာတွင် အမှတ် ၃၃ အဆန် လေအိတ်အထူးရထားအတွက် ရိုးရိုးတန်း လက်မှတ်အစောင်ရေ ၃၀ မှာဖြစ်ပြီး ရွာထောင်ဘူတာကို ၁၂ နာရီ ၁၆ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ကြောင်းနှင့် လက်မှတ်များကို ၁၁ နာရီကတည်းက ဝယ်ယူနိုင်ကြောင်းကို အများပြည်သူ သိရှိစေရန် အသိပေးဆိုင်းဘုတ်ဖြင့် ကြော်ငြာထားသည်။
“လေအိတ်ရထားစီးရတာ အရမ်းအဆင်ပြေတယ်။ ဒါပေမယ့် အလာတုန်းက ရွာထောင်ဘူတာမှာ မရပ်တော့ မန္တလေးအထိစီးရတယ်။ ဟိုတုန်းကရထားတွေနဲ့ စီးရတာ မတူဘူး သန့်ရှင်းတယ်။ အရမ်းကွာခြားတယ်။ အမှိုက်ပုံးလေးတွေ ထားပေးလို့လဲ အရမ်းကျေးဇူးတင်ပါတယ်” လို့ ခရီးသည် မအိအိထွန်းက ပြောပြသည်။
ရွာထောင်ကနေ ရွှေဘို ၁၅၀၀၊ ကောလင်း ၃၅၀၀၊ နဘား ၅၀၀၀၊ မိုးညှင်း ၆၀၀၀၊ ဟိုပင် ၆၅၀၀၊ မိုးကောင်း ၇၀၀၀၊ မြစ်ကြီးနားဘူတာ အထိကို ၈၀၀၀ ကျပ်နှင့် လက်မှတ်နှုန်းထားများ ရောင်းချပေးကြောင်း သိရှိရသည်။
ယနေ့တွင် ရွာထောင် - ကောလင်း - ရွာထောင် ပြေးဆွဲပေးနေတဲ့ အမှတ် ၄၅ အဆန်၊ အမှတ် ၄၆ အစုန် ကောလင်းလော်ကယ်ရထား ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်းလည်း သိရှိရသည်။
“ရထားတွေက တအားကျပ်ပြီး ခရီးသည်တွေက စီးမယ့်သူနည်းတော့ နှစ်စင်းတစ်စင်းပေါင်းလုပ်ရမယ့် အနေအထားပေါ့။ ရထားက အရှုံးပေါ်နေတဲ့ အခြေအနေမျိုးမှာ တကယ်ရှုံးနေတဲ့ဟာတွေ ဖျက်ပြီးတော့ မြတ်မယ့်ဟာတွေ ထည့်ရတာပေါ့။ စီးမယ့်သူမရှိတော့ ရထားကြီးနှစ်စင်းလုံးက သွားနေတယ် effective မဖြစ်ဘူး။ တစ်စင်းက ၅ နာရီထွက်တယ်။ ၅ နာရီထွက်တဲ့ ရထားပေါ်ပဲ လူပါသွားပြီး နောက်ကလိုက်လာတဲ့ ၇ နာရီ ရထားမှာကျ စီးမယ့်သူ မရှိတော့ဘူး” လို့ ရွာထောင်ဘူတာက တိုင်းမန်နေဂျာ ကိုသန့်ဇင်ထွန်းက ပြောပြသည်။
ခိုင်ဇေယျ(၀၇၅)


