သတင်းဆောင်းပါး - ခင်အောင် (ဆင်ဖြူကျွန်း)
လူငယ်အရွယ်ကစ၍ ယဉ်ကျေးသိမ်မွေ့သော အပြုအမူ များကို အလေ့အထကောင်းတစ်ခုအဖြစ် ပြုကျင့်ကြရန် လိုအပ်ပါသည်။
စကားပြောရာတွင် အပြောအဆိုဟန်ပန်ယဉ်ကျေးခြင်း၊ သေသပ်စွာဝတ်စားဆင်ယင်ခြင်း စသည်တို့ ဖြစ်ပါသည်။ ဤသည်မှာ အခြေခံယဉ်ကျေးမှု အလေ့အထဖြစ်ပါသည်။ ထို့အပြင် မိမိထက်အသက်အရွယ်ကြီးသူကို အရိုအသေ ပြုရခြင်း၊ ရွယ်တူကို လေးစားရခြင်း၊ ငယ်သူကိုသနားရခြင်း တို့သည်လည်း လူ့ဘောင်လောက၏ မရှိမဖြစ် ပြုကျင့် ကြရမည့် အလေ့အထကောင်းများ ဖြစ်ပါသည်။ အချို့ လူငယ်များသည် ခေတ်ရေစီးကြောင်းအရ လေးစားမှု မရှိကြတော့ပေ။ ထို့ကြောင့် ရိုသေထိုက်သူကို အရိုအသေ ပြုကြ၍ မိမိဂုဏ်ကို မြင့်စေရန် ကြိုးစားကြရပေမည်။
ထို့အတူပင် အိပ်ရာစောစောထခြင်း၊ အိပ်ရာထသည် နှင့် စောင်များကို စနစ်တကျခေါက်၍ သိမ်းဆည်းခြင်း၊ အချိန်ကို လေးစား၍ တိတိကျကျ ဆောင်ရွက်တတ်ခြင်း စသည်တို့သည်လည်း မွေးမြူထားသင့်သည့် အလေ့အထကောင်းများပင်ဖြစ်ပါသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယမရှိ၊ အိပ်ရာ ကို နောက်ကျမှထခြင်းသည် လူပျင်းတစ်ယောက်ပင်ဖြစ်ပါသည်။ ဘဝသည်လည်း တိုးတက်အောင်မြင်မှုရရှိမည် မဟုတ်ချေ။ ထိုသို့မဟုတ် နံနက်အိပ်ရာစောစောထ၍ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း စသည်တို့ ပြုလုပ်ကြရပေမည်။ သို့မှသာ စိတ်ပျော်ရွှင် လန်းဆန်း၍ တစ်နေ့တာကို ဖြတ်သန်းကြရမည်ဖြစ်၏။ သို့မှသာလျှင် လုပ်ငန်းအဝဝ၌ အဆင်ပြေ၍ အောင်မြင်မှု ရရှိမည်ဖြစ်၏။ ပျင်းရိနေသူ၊ ငေးငိုင်မှိုင်တွေနေသူသည် အောင်မြင်မှုရရှိမည် မဟုတ်ချေ။
လူငယ်ဘဝတွင်ကား စာသင်၊ စာမှတ်၊ စာကျက်၊ အားကစားလုပ်ခြင်းမှတစ်ပါး အခြားအလုပ်များ အထွေ အထူးမရှိချေ။ ယခုဆို မြို့ကြီးများတွင်မက တောအရပ် များပါ စာအံသံများသည် အများအားဖြင့် မကြားရတော့ ချေ။ ဖုန်းကိုသာလျှင် အချိန်ပြည့်ကြည့်နေကြပေသည်။ ထိုမကောင်းသော အလေ့အထကို စွဲမသွားစေရန် သတိပြု ကြရမည်။ ဖုန်းကြည့်မည့်အစား စာဖတ်ခြင်း၊ အားကစား လုပ်ခြင်းတို့ကို အစားထိုးပြုလုပ်သင့်ပါသည်။ ဖုန်းကြည့် ခြင်းသည် အာရုံကြောများ ထိခိုက်သောကြောင့် မကောင်းသောအလေ့အထတစ်ခုအဖြစ် မှတ်ယူ၍ ရှောင်ရှားကြရ မည်ဖြစ်၏။
အချို့လူငယ်များသည် အချိန်ပိုနေသည်ဟုထင်ကာ ပေါ့ပေါ့တန်တန် နေတတ်ကြပါသည်။ အားလပ်သောအချိန် များတွင် ဖုန်းကြည့်ပြီး အပျင်းစိတ်ကို ဖြေနေကြပေသည်။ ဤသည်မှာ မကောင်းသော အလေ့အထပင်ဖြစ်ပါသည်။ ဤသို့ ပျင်းရိသောစိတ် စွဲသွားသောအခါ အရွယ်ရောက်လာ ချိန်တွင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ကျန်းမာရေး ဆိုင်ရာပြဿနာများ တွေ့ကြုံရတတ်ပေသည်။ ထိုမကောင်းသော အလေ့အထများကို ဖယ်ရှား၍ ဘဝအောင်မြင်မှု ရရှိစေရန် ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်၏။
ထို့အပြင် ပျင်းရိခြင်းအလေ့အထများ စွဲမြဲနေ၍ အလုပ် ကို နောက်ကျမှ ရောက်တတ်ခြင်း၊ အလုပ်မပြီးခြင်း၊ လုပ်ငန်းလုပ်ဆောင်မှု မှန်ကန်မှုမရှိခြင်း ဖြစ်လာတတ်ပါ သည်။ ထိုအခါ မိမိထက် ရာထူးအခွင့်အာဏာကြီးသူ၏ အပြစ်ပြောခံရခြင်း၊ တာဝန်မကျေသူဟု သတ်မှတ်ခံရခြင်း၊ လုပ်ရည်ကိုင်ရည် စနစ်တကျမရှိသူဟု အပြောခံရခြင်းတို့ ကြုံတွေ့ရပေမည်။ ဤသည်မှာ ပေါ့ပေါ့တန်တန် ပျင်းပျင်း ရိရိ နေခဲ့ခြင်း၏ ဆိုးကျိုးသက်ရောက်မှုပင်ဖြစ်ပါသည်။ ဆိုးကျိုးသက်ရောက်မှု များလာသောအခါ တာဝန်မသိ တတ်သူ၊ အသုံးမကျသူဟု သတ်မှတ်ခံရကာ ကျွန်ုပ်တို့ ရှေ့ဆက်တက်လှမ်းမည့် အမြင့်ဆုံးအောင်မြင်မှုပင် ပိတ်ပင် ခံရတတ်ပါသည်။
လူငယ်ဘဝသည် ငွေကို ကိုယ်တိုင်ရှာဖွေနိုင်သော အရွယ် မဟုတ်ချေ။ မိဘဆီမှ အလွယ်တကူရ၍ တန်ဖိုး ထားရမှန်းမသိချေ။ သို့ဖြစ်၍ တန်ဖိုးထားခြင်းမရှိမှုနှင့် အတူ ပေါ့ပေါ့တန်တန်နေတတ်သည့်အလေ့အထ စွဲလာ တတ်ပါသည်။ ထိုသို့မဟုတ် အလကားရသော ငွေဖြစ်သော် လည်း မိမိရှာဖွေထားသော ငွေကဲ့သို့ပင် ချွေတာသုံးစွဲခြင်း၊ တန်ဖိုးထားခြင်း အလေ့အထကောင်းကို ငယ်ရွယ်စဉ်မှစ၍ ခံယူကျင့်သုံးလိုက်နာကြ ရမည်ဖြစ်ပါသည်။
ထို့အပြင် ငွေကိုစုဆောင်းတတ်ခြင်း၊ အသုံးနှင့်အဖြုန်း ခွဲခြားတတ်ခြင်းရှိမှသာ အရွယ်ရောက်လာသောအခါ စနစ်တကျ ဝင်ငွေ၊ ထွက်ငွေကို ခွဲခြားစုဆောင်းတတ်လာ မည်ဖြစ်၏။
ပဉ္စရူပံ ဦးခက သူ၏ "ချွေတာခြင်း"ဟူသော စာအုပ်တွင် ရထားစီးခြင်းနှင့်ပတ်သက်၍ ငွေကိုချွေတာသည့် သူဌေးတစ်ဦး ပုံပြင်ကို ဤသို့ ဆိုပြထား၏။ "တစ်နေ့သော အခါ ရန်ကုန်မြို့ ဘူတာရုံကြီးမှ မြင်းရထားစီး၍ လာသော သူဌေးတစ်ဦးသည် သိမ်ကြီးဈေးသို့ ရောက်ရှိသဖြင့် ရထားခ ၁၂ ပဲ(၅၅ ပြား)ပေးရာ ထွက်သွားမည်အပြုတွင် ရထားသမားက အိုး သူဌေးမင်း ရထားခ ၁၂ပဲပေးသည်မှာ နည်းလွန်းပါသည်။ သူဌေးမင်း၏ သားသည် ဤခရီးနှင့် ဤခရီးသွားတိုင်း ရထားခနှစ်ကျပ် ပေးပါသည်။ ယခုမှာ သူဌေးမင်းကိုယ်တိုင်ဖြစ်၍ ထိုထက်ပိုမိုရသင့်သည်ဟု ပြောဆိုလေသည်။ ထိုအခါ သူဌေးကြီးက ဤခရီးအတွက် ရထားခနှစ်ကျပ်ပေးသူမှာ သူဌေးသားဖြစ်၍ သင်ပြောသည့် အတိုင်း ထုတ်ပေးလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်၏အဖမှာ သူဌေးမဟုတ်သောကြောင့် တန်ဖိုးထက်ပို၍ မပေးနိုင် သည်ကို ဝမ်းနည်းပါသည်ဟု ပြောဆိုထွက်သွားလေသည်။" ဤသည်မှာ ငွေကိုအမှန်တကယ် ရှာရသူဖြစ်၍ တန်ဖိုး ထားရမှန်းသိသူနှင့် ငွေကိုအမှန်တကယ် မရှာရသောကြောင့် ငွေ၏တန်ဖိုးကို မသိသူတို့၏ ခြားနားချက်ပင် ဖြစ်ပါသည်။
လူငယ်ဘဝဆိုသည်မှာ ကျွန်ုပ်တို့ကိုယ်တိုင် ချမှတ် ထားသော တိကျသော ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရန် ပညာရှာမှီးနေချိန်ပင် ဖြစ်ပါသည်။ အောင်မြင်မှုရရှိရန်ကြိုတင်ပြင်ဆင်ထားခြင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် ငယ်စဉ်အခါ စာသင်ယူခြင်း၊ စာပေပညာရပ်များ လေ့လာ ( မှတ်သားခြင်း စသည်တို့ကို လုပ်ဆောင်ကြရမည်ဖြစ်၏။
ဤသို့ လုပ်ဆောင်ရန်မှာ ငယ်စဉ်ကပင် စာကြည့်ခြင်းကို စနစ်တကျ အချိန်မှန်မှန်ရှိစေရန် အလေ့အထကောင်း ရှိသင့်၏။ ထိုသို့ ကြိုတင်ပြင်ဆင်ရာတွင် အခြေခံကျသည့် အရာမှာ ကျောင်းတက်မှန်ကန်မှုရှိခြင်းပင်ဖြစ်ပါသည်။
ယခုအခါ ကျောင်းနေအရွယ် ကလေးအများစုသည် ကျောင်းလစ်နေခြင်းများ မြင်တွေ့နေရပေသည်။ နေမကောင်းဟုဆိုကား ဖုန်းကြည့်နေသူများလည်း ရှိပါ သည်။ သို့ဖြစ်၍ ထိုအလေ့အထဆိုးများကို ဖယ်ရှားကြရ ပေမည်။ အလေ့အထကောင်းများကိုသာ စိတ်တွင်စွဲ၍ မွေးမြူသင့်ပါသည်။ သို့မှသာ အလုပ်ကို စနစ်တကျ လုပ်ဆောင်တတ်သည့် အလေ့အထရှိလာမည်ဖြစ်၏။
အလုပ်ကိုချွေတာခြင်းနှင့်ပတ်သက်၍ ပဉ္စရူပံဦးခ၏ "ငွေကိုချွေတာခြင်း"စာအုပ်တွင် "အလုပ်ကို ရိုသေရမည် ဟူသည်မှာ အလုပ်ကို ရှိခိုးဦးချ ဆလံပေးနေရမည်ဟု မဆိုလို၊ မိမိ၏ လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်ဖြစ်ရန်၊ တစ်နေ့တခြား တိုးတက်ကြီးပွားရန် ကြံစည်လုပ်ကိုင် ရခြင်း၊ လက်ရှိအလုပ်များကို လုပ်ဆောင်နေသည့်အတွင်း ကောင်းသည်ဟု ထင်ရခြင်း၊ စေ့စပ်သေချာအောင် ဆောင်ရွက်ခြင်း၊ နေ့ရက်နာရီမှ မပျက်ရအောင် ကြိုးစား ခြင်း၊ အချိန်မှန်မှန် အလုပ်ခွင်သို့ရောက်အောင် လုံ့လရှိခြင်း၊ အလုပ်ကိစ္စများ၌ ထကြွလျင်မြန်ခြင်း၊ ရိုးသားဖြောင့်မတ် စွာ လုပ်ကိုင်ခြင်း၊ ခိုကပ်ပျင်းရိခြင်းမှကင်း၍ အမြဲရွှင်ပျစွာ လုပ်ကိုင်ခြင်း စသည်တို့သည် အလုပ်ကို ရိုသေသော အထိမ်းအမှတ်ပင်ဖြစ်သည်”ဟူ၍ ရေးခဲ့ပေသည်။
ဦးခ၏ “ချွေတာခြင်း"စာအုပ်မှာပင် (၁)အလုပ်ကို ချွေတာရမည်ဟု ဆိုသောစကား၏ အဓိပ္ပာယ်သည် အလုပ်တစ်ခုကို လုပ်ရာ၌ "နက်ဖြန်ခါ" မရှိရ ဘယ်နေ့ ပြီးစီးအောင်လုပ်ပါဟု ဆိုလိုပါသည်။ (ဤကား ပျင်းရိခြင်း အလေ့အထကို တိုက်ဖျက်ခြင်းဖြစ်၏)၊ (၂)မိမိတို့ လုပ်ကိုင်သောအလုပ်ကို စေ့စပ်မှု၊ သေချာမှု၊ လှမှုဖြစ်အောင် လုပ်ပါ။ (ဤကား ဖြစ်ကတတ်ဆန်း လုပ်တတ်သည့် အလေ့ အထကို တိုက်ဖျက်ခြင်းဖြစ်၏)၊ (၃) အလုပ်တစ်ခုကို တွင်တွင်ကျယ်ကျယ် ဖြစ်အောင်လုပ်ပါ။ (ဤကား အတော် အသင့်ရလျှင် ကျေနပ်တတ်သော အလေ့အထကို တိုက်ဖျက်ခြင်းဖြစ်၏)ဟူ၍ တင်ပြထားပေသည်။ သို့ဖြစ်၍ ငယ်စဉ်ကတည်းကပင် မကောင်းသောအလေ့အထ များကို ဖယ်ရှား၍ ကောင်းသောအလေ့အထများကိုသာ မွေးမြူကြရပေမည်။ မကောင်းသော အလေ့အထသည် ပြုလုပ်ဖန်များလာလျှင် စွဲစေပါသည်။ သို့သော်လည်း ပြုပြင်ပါက ရနိုင်ပါသည်။ ထို့ကြောင့် ကောင်းသော အလေ့အထများကို မွေးမြူကြပါရန် အကြံပြုရေးသား လိုက်ရပါသည်။