မကွေး ၂၂ မတ်

 

မကွေးတိုင်းဒေသကြီးအတွင်း မြို့ပေါင်း ၂၅ မြို့နယ်၊ သစ်တောကြိုးဝိုင်းပေါင်း ၁၆၆ ခု၌ ဝါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင် ၁၆၇ ဦးရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၎င်းတို့၏ဝါးစိုက်ခင်းများမှ ဝါးအလုံးရေ ၁၄၅ သိန်း ၈ သောင်းခန့် ထုတ်လုပ်ရန် လျာထားကြောင်း တိုင်းသစ်တောဦးစီးဌာနမှ သိရသည်။ 

 

1354

 

ဝါးထုတ်လုပ်ရာတွင် သရက်ခရိုင်မှ ၆၅ သိန်း၊ မကွေးခရိုင်မှ သိန်း ၃၀၊ မင်းဘူးခရိုင်မှ သိန်း ၂၀၊ ပခုက္ကူခရိုင်မှ ၁၅ သိန်း၊ ဂန့်ဂေါခရိုင်မှ ၁၅ သိန်း ထုတ်လုပ်သွားမည်ဖြစ်ပြီး ဝါးတောများမပြုန်းတီးစေရန် ဝါးအလုံးရေတစ်သိန်း ထုတ်လုပ်ပါက ဝါးစိုက်ခင်းတစ်ဧက ပြန်လည်စိုက်ပျိုးရန် လုပ်ငန်းရှင်များဘက်မှ တာဝန်ယူရသည်။ 

 

1503

 

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဝါးအလုံးရေ သိန်း ၁၅၀၊ ဘတ်ဂျက်ကူးပြောင်းကာလ မီနီဘတ်ဂျက်မှာ သိန်း ၆၀ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အလုံးရေ ၁၄၅ သိန်းကျော် ထုတ်လုပ်ဖို့လျာထားပါတယ်။ ဝါးထုတ်တဲ့ လုပ်ကွက်တွေကို ပြန်ဖြည့်စိုက်တာက ၂၅၆.၁၆ ဧကရှိပါတယ်” ဟု မကွေးတိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောသည်။  

 

ပြည်သူများထံ အခမဲ့ဖြန့်ဝေမည့် အမယ်စုံ ပျိုးပင်ပေါင်း ၈၉၀၀၀၀ ခန့်ကို သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားပြီး မျှင်နှင့် တင်းဝါးပျိုးပင် သုံးသောင်းခွဲကို ထည့်သွင်းပျိုးထောင်ထားကြောင်း၊ ဝါးမှာ စတင်စိုက်ပျိုးပြီး ၃ နှစ်ကြာမှ ထုတ်လုပ်၍ရသည့်အတွက် လုပ်ကွက်များကို နေရာအတည်တကျမထားဘဲ စိစစ်ပြီးမှ ၃ နှစ်တစ်ကြိမ် လုပ်ကိုင်ခွင့်ချထားပေးကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ဇေယျတု(မကွေး)