မကွေး ၂၂ မတ် 


မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၅ မြို့နယ်၌ ဆင်းရဲနွမ်းပါးပြီး အမှီအခိုကင်းမဲ့စွာ နေထိုင်ကြသူများ၏ အိမ်အလုံးရေတစ်ထောင်ကို လေဘေးရန်မှကာကွယ်နိုင်ရန် ပြုပြင်ပေးမှုများ လုပ်ဆောင်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

home1223


“မကွေးတိုင်းမှာက ဧပြီလနဲ့ မေလတွေမှာ လေပြင်းအန္တရာယ် ကျရောက်နိုင်ပါတယ်။ အဲဒါကြောင့် လောလောဆယ်မှာ မြို့ငါးမြို့ကို စီမံချက်နဲ့ ရွေးချယ်သတ်မှတ်ပြီး တစ်မြို့နယ်ကို အိမ်အလုံးရေ ၂၀၀ ပြင်ပေးသွားမှာပါ။ ဆင်းရဲနွမ်းပါးပြီး အမှီအခိုကင်းမဲ့သူတွေရဲ့ အိမ်အရေအတွက် တစ်ထောင်ကို စာရင်းကောက်ယူပြီး လုပ်ငန်းတွေလည်း စတင်နေပါပြီ” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။ 


မကွေး၊ ချောက်၊ ပခုက္ကူ၊ ဂန့်ဂေါနှင့် သရက် စသည့် မြို့နယ် ၅ မြို့နယ်တွင် အိမ်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး အိမ်တစ်လုံးလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် အိမ်အလုံးရေတစ်ထောင်အတွက် ငွေကျပ် သိန်း ၁၅၀ သုံးစွဲသွားမည် ဖြစ်သည်။


ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လေဘေးအန္တရာယ်ကျရောက်လျှင် ပျက်စီးမှုသက်သာစေရန် ဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် နွေရာသီ၌ ရေရှားနေသည့် နေရာများတွင် ရေလှူဒါန်းခြင်း၊ ရေကန်ပြုပြင်ပေးခြင်းများလည်း လတ်တလော လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ 


ဇေယျတု(မကွေး)