မတ် ၂၂

 

အထပ်မြင့်အဆောက်အဦများ တိုးတက်များပြားလာသည့် မန္တလေးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဆောက်အဦများ ဆောက်လုပ်သည့်အခါ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ အကြံပြုချက်ရယူပြီး တည်ဆောက်လာကြသော်လည်း အဆောက်အဦအတွင်း မီးငြှိမ်းသတ်ရေးစနစ်များ ထည့်သွင်းသည့်စနစ် လိုက်နာမှုအားနည်းနေသေးကြောင်း သိရသည်။

 

"မန္တလေးမြို့မှာ အထပ်မြင့်အဆောက်အဦတွေလည်း များနေပြီ၊ ဆီဆိုင်တွေလည်းများနေပြီ၊  အဆောက်အဦ ဆောက်လုပ်တဲ့အခါမှာ မီးငြှိမ်းသတ်ရေး ထားရမယ့်စနစ်တွေ၊ အရေးပေါ်ထွက်ပေါက် စနစ်တွေ၊ မီးလောင်လွယ်တဲ့ ပစ္စည်းရောင်းချတာတွေကို မီးသတ်ဦးစီးဌာနရဲ့ အကြံပြုချက်ရယူဖို့ တင်ပြထားတာရှိတယ်၊ ဒါပေမယ့် အကြံပြုချက်ရယူတဲ့ အဆောက်အဦတွေ အရင်ကနည်းတယ်၊  တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ စည်းရုံးဆောင်ရွက်ခဲ့တယ်။ မီးသတ်ဦးစီးဌာနရဲ့ အကြံပြုချက်ယူပြီး ဆောက်တာတွေများလာတယ်၊ ဒါပေမယ့် အကြံပြုချက်အတိုင်း မီးငြှိမ်းသတ်ပစ္စည်းတွေ ထည့်သွင်းတဲ့စနစ်ကတော့ အားနည်းတာတွေ့ရတယ်၊ စစ်ဆေးတဲ့အခါမှာ လိုက်နာတဲ့ အဆောက်အဦတွေရှိသလို မလိုက်နာတဲ့ အဆောက်အဦတွေက ပိုများတယ်"ဟု  မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ဦးသန်းဇော်ဦးက ပြောသည်။

 

နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ မြို့ပြအင်္ဂါရပ်နှင့်အညီ ခေတ်မီအထပ်မြင့်အဆာက်အဦ များပြားလာခြင်းကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေအရ အဆောက်အဦ ဆောက်လုပ်သည့်နေရာတွင် မီးသတ်တပ်ဖွဲ့၏ အကြံပြုချက် ရယူဆောက်လုပ်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရသည်။

 

"အကြံပြုချက်ရယူပြီး အကြံပြုချက်အတိုင်း ဆောက်လုပ်တဲ့အခါမှာ မီးသတ်ရဲ့ပစ္စည်းတွေ ထည့်ဖို့ အကုန်အကျမခံချင်ဘူး၊ များသောအားဖြင့် အရည်အသွေးညံ့တဲ့ဟာ၊ ဈေးနှုန်းချိုသာတဲ့ဟာတွေ ထည့်တာ၊ အကြံပြုတဲ့အတိုင်း ပြည့်ပြည့်စုံစုံ မလုပ်ထားတာတွေ့ရတယ်၊ နောက်ပိုင်းမှာတော့ ကြပ်ကြပ်မတ်မတ်  လုပ်ဖို့ရှိပါတယ်၊ ဂျပန်နိုင်ငံမှာ မီးဘေးလုံခြုံရေးဆိုင်ရာ ဥပဒေစနစ်အတိုင်း လုပ်တဲ့အတွက် တစ်နှစ်မှာ မီးလောင်တဲ့အကြိမ်များပေမယ့်  ရှုံးဆုံးမှုတန်ဖိုးက မြန်မာနိုင်ငံလောက် မများပါဘူး၊ မီးဘေးလုံခြုံရေး မီးသတ်ပစ္စည်းတွေကို ထည့်ထားလို့၊ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာနည်းတူ မီးငြှိမ်းသတ်ရေးပစ္စည်းတွေကို ထည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်"ဟု ဆက်လက်ပြောသည်။

 

မြန်မာနိုင်ငံတွင် ထိရောက်သည့် မီးဘေးလုံခြုံရေးနစ်ကို ရရှိရန်အတွက်သုံး ထပ်နှင့်အထက် ထပ်မြင့်အဆောက်အဦများ ဆောက်လုပ်သည့်အခါ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ အကြံပြုချက်ဖြင့် အဆောက်အဦ အမျိုးအစားအလိုက် မီးငြှိမ်းသတ်ရေးစနစ်များ စနစ်တကျထည့်သွင်းမှသာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်ကထုတ်ပေးသည့် မီးဘေးလုံခြုံရေး လက်မှတ်ရရှိမှာဖြစ်ပြီး အဆိုပါလက်မှတ်ရရှိမှာသာ သက်ဆိုင်ရာမှ အဆောက်အဦ အသုံးချခွင့်လက်မှတ် ထုတ်ပေးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်ငံတကာတွင် ဆုံးရှုံးနစ်နာမှု နည်းနိုင်သမျှနည်းအောင် မီးဘေးလုံခြုံရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး စနစ်တကျ လိုက်နာဆောက်ရွက်လျက်ရှိရာ မီးလောင်မှုအကြိမ်ရေများသော်လည်း ဆုံးရှုံးမှုတန်ဖိုးနည်းခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေအရ မီးငြှိမ်းသတ်ရေးပစ္စည်းများ ထည့်သွင်းဆောက်ရွက်သင့်ကြောင်း အကြုံပြုပြောကြားထားသည်။

 

ထိပ်ထားနိုင် (ပြန်/ဆက်)