မန္တလေး ၂၂ မတ်
အထက်မြန်မာပြည် မြန်မာ့ရိုးရာလက်ဝှေ့တာဝန်ခံဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ လက်ဝှေ့ဆပ်ကော်မတီ၏ အသိအမှတ်ပြု ရွှေမန်းမြန်မာ့ရိုးရာလက်ဝှေ့ကလပ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ အေးသုခ ဓမ္မာရုံအနောက်ဖက်လမ်း၊ လောကချမ်းသာဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းနားမှူးအဖြစ် အားကစားကလောင်ရှင် ခင်ခင်ဝင်း(ပညာရေး)က ဆောင်ရွက်ပြီး မန္တလေးတိုင်း မြန်မာ့ရိုးရာလက်ဝှေ့ဆပ်ကော်မတီ နာယက ကျားသစ်ဦးရဲအောင်မှ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်း မြန်မာ့ရိုးရာလက်ဝှေ့ဆပ်ကော်မတီ အတွင်းရေးမှူး ဆရာဦးဒဿမှ လက်ဝှေ့ကလပ်အသင်းတစ်ခု၏ လိုအပ်ချက်များကို ရှင်းလင်းပြောကြားပြီး လိုအပ်ပါက မိမိတို့ ကော်မတီအနေဖြင့် ထောက်ပံ့မှုများ ပေးသွားမည်ဟု ပြောကြားသည်။ ဆက်လက်၍ မြန်မာ့ရိုးရာ အမျိုးသမီးလက်ဝှေ့ကျော်ဟောင်း ဒေါ်မြင့်မြင့်ကျော်က အားကစားဘောင်းဘီများနှင့် ဒေါင်းမလေးက အချိုရည်ဘူးများ အသင်းအတွက် ပေးအပ်သည်။
အဆိုပါ ကလပ်အသင်းတွင် နည်းပြချုပ် မိုးဝဏ္ဏ၊ အထူးအောင်လံ ဆုများရှင်နှင့် နည်းပြ မန္တလာမောင်၊ ဘောက်ဆင်ချန်ပီယံ မြန်မာ့ရိုးလက်ဝှေ့ ရွှေတံဆိပ်ဆုရှင်တို့က ဦးဆောင်၍ အသင်းကို ကြီးကြပ်သွားမည်ဟု သိရှိရသည်။ ဆက်လက်၍ ရွှေမန်းမြန်မာ့ရိုးရာ လက်ဝှေ့ကလပ် တည်ထောင်သူ အုပ်ချုပ်နည်းပြ ဦးမိုးဝဏ္ဏမှ ကလပ်တည်ထောင်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ရွှေမန်းမြန်မာ့ရိုးရာလက်ဝှေ့ကလပ် ဆိုင်းဘုတ်ကို နာယကကျားသစ် ဦးရဲအောင်နှင့် ဒုဥက္ကဋ္ဌ ဦးမိုးလေးတို့ ဦးဆောင်၍ တက်ရောက်လာသူများမှ အမွှေးနံ့သာရည် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကာ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


