ကော့သောင်း ၂၂ မတ်

 

ကော့သောင်းခရိုင် COVID-19 အဆုတ်ရောင်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးမှုတွင် ထိုင်း-မြန်မာ နယ်စပ်ဝင်/ထွက်ဂိတ်များအပြင် အများပြည်သူ အသွားအလာများပြားရာ နေရာများဖြစ်သည့် ကော့သောင်း မြို့မဆိပ်ကမ်းတံတား၊ ဓမ္မာရုံကူးတို့ဆိပ်၊  သီရိမြိုင်အဝေးပြေးကားဝင်း၊ FOB ငါးလုပ်ငန်းစစ်ဆေးရေးစခန်းနှင့် ကော့သောင်းလေဆိပ်တို့သို့ ရောက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများဖြစ်သည့်  လက်ဆေးဘေစင်၊ လက်သန့်ဆေး၊ ဆပ်ပြာနှင့် ရေ အလုံအလောက်ထားရှိပေးထားမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ကူးသန်းသွားလာနေကြသည့် ဒေသခံပြည်သူများနှင့် လေကြောင်းခရီးဖြင့် ကော့သောင်းမြို့သို့ ဆိုက်ရောက်လာသည့် ခရီးသည်များအား ကျန်းမာရေးဌာနနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများမှ စစ်ဆေးရေးဂိတ်များတွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ အသိပညာပေး လက်ကမ်းစာစောင်နှင့် သတိပေး နံရံကပ်ပိုစတာကြီးများ ချိတ်ဆွဲပြသ အသိပေးထားရှိမှု အခြေအနေများအားအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ အဖွဲ့အစည်းများသို့ လမ်းညွန်မှာကြားခဲ့သည်။

 

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်မှု စစ်ဆေးရေးလုပ်ငန်းများမှ ကိုယ်အပူချိန်မြင့်မား၍ စောင့်ကြပ်ကြည့်ရှုရမည့် သံသယဖြစ်သူများ တွေ့ရှိလာပါက ဆေးဝါးကုသမှုခံယူရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် စောင့်ကြည့်လူနာများ မျှော်မှန်းမှုထက် ပိုမိုများပြားစွာ တွေ့ရှိလာပါက  ယာယီထားရှိ စောင့်ကြည့်မှုလုပ်ငန်းများ ဆောလျှင်စွာ ဆောင်ရွက်နိုင်ရန်  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လေးမိုင်၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာနှင့် ပုလုံးတုံတုံးကျေးရွာရှိ အရေးပေါ်ခိုလှုံရာနှင့် ဘက်စုံသုံးအဆောက်အဦတို့တွင် စောင့်ကြည့်လူနာများ ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ညနေပိုင်းတွင် ကော့သောင်းမြို့၊ ရတနာကျွန်းပေါ်ရှိ ဗစ်တိုးရီးယား အင်တာတိန်းမင်း ရီဆောဟိုတယ်နှင့် သူဌေးကျွန်း ဂရင်းအက်ဒမန်ဟိုတယ်များသို့ သွားရောက်ကာ ဟိုတယ်လာဧည့်သည်များ၊ ဟိုတယ်ဝန်ထမ်းများအား COVID-19 ကူးစက်ရောဂါ တားဆီးထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ကိုယ်အပူချိန် စမ်းသပ်စစ်ဆေးမှုလုပ်ငန်းနှင့် ဟိုတယ်အဝင် Hand Gall ဖြင့် လက်ဆေးမှု ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)