မြစ်ကြီးနား ၂၂ မတ်

 

မန္တလေး - မြစ်ကြီးနား - မန္တလေးလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ (၃၂)အစုန် အမြန်ရထားအား လေအေးပေးစက်ပါ ကိုရီးယားလေအိတ်တွဲဆိုင်းအသစ်ဖြင့် မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်ပြေးဆွဲပြီဖြစ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ပြေးဆွဲမည့် အမှတ်(၃၂)အစုန် အမြန်ရထားကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လေအေးပေးစက်ပါ ကိုရီးယားလေအိတ်တွဲဆိုင်းအသစ်ဖြင့် စတင်ပြေးဆွဲမည့် အမြန်ရထားကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မြန်မာ့မီးရထား(ရုံးချုပ်)မှ ဦးအောင်မြင့်လှိုင်၊ အထွေထွေမန်နေဂျာ(သွားလာရေး)၊ ဦးထောင်ရှန်ကန်း၊ အထွေထွေမန်နေဂျာ(စစ်ဆေး)တို့နှင့် အမှတ်(၁)မြစ်ကြီးနားမှ တိုင်းတာဝန်ခံ ဦးဇော်နှင့် အင်ဂျင်နီယာမှူးများ၊ မြစ်ကြီးနားရုံပိုင်ချုပ်နှင့် တာဝန်ရှိသူများက တွဲဆိုင်းသစ်ရထားကို လိုက်လံရှင်းလင်း  ပြသခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် အသစ်ပြေးဆွဲမည့် ရထားတွင် လိုက်ပါစီးနှင်းကြမည့် ခရီးသည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ အမြန်ရထားသစ်ကို ကိုးရီးယားနိုင်ငံ Dawonsys Co.,Ltd. စက်ရုံမှ ဝယ်ယူခဲ့ပြီး တွဲတစ်တွဲတန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၀၀၀၀ ဖြစ်ကြောင်း၊ မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် တွဲဆိုင်း (၁၂)တွဲ ပါဝင်ဝင်ပြီး စားသောက်တွဲတစ်တွဲအပါအဝင် အထက်တန်း(၁၀)တွဲ၊ ရိုးရိုးတန်း (၁)တွဲတို့ဖြင့် အထက်တန်းတွဲ တစ်တွဲလျှင် ခရီးသည် ၃၃ ဦးနှင့် ရိုးရိုးတန်း လူစီးဘရိတ်တွဲတွင် ၄၄ ဦးတို့ဖြင့် စုစုပေါင်း ခရီးသည် ၃၇၄ ဦး သယ်ဆောင်ကာ နေ့စဉ် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာပြီး လမ်းခရီးတစ်လျှောက် မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ နဘား၊ ကောလင်း၊ ကန့်ဘလူ၊ ရွှေဘို ဘူတာ (၇)ဘူတာသာ ရပ်နားပေးမည်ဖြစ်ကြောင်းနှင့် မန္တလေးသို့ နံနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)