ပင်လည်ဘူး  ၂၂  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ပြောင်းလဲလာသည့် ရာသီဥတုကြောင့် နွေရာသီသောက်သုံးရေ အခက်အခဲဖြစ်နေသော ကျေးရွာ ၈ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တွင်းနက်စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခင်က တွင်းနက်စက်ရေတွင်းပေါင်း ၄၉ တွင်း တူးဖော်ဆောင်ရွက်ထားရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် မြေကုလားကျေးရွာ၊ ဂွေးချိုကျေးရွာ၊ သင်ပေါင်းကျင်းကျေးရွာ၊ စင်လောင်ကျေးရွာ၊ ကြူတောကိုင်းကျေးရွာ၊ ဝါးယူးသာကျေးရွာ ကျေးရွာ ၆ ရွာနှင့်နှင့် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် နတ်ကြီးကုန်းကျေးရွာနှင့် ကပ္ပန္ဘုတ်ကျေးရွာ ကျေးရွာ ၂ ရွာတို့တွင် တွင်းနက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

အဆိုပါ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများကို YCEG ကုမ္ပဏီမှ တာဝန်ယူပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလပိုင်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို မတ် ၂၁ ရက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် ဝန်ထမ်းအဖွဲ့သည် ကပ္ပန္ဘုတ်ကျေးရွာနှင့် စင်လောင်ကျေးရွာတို့တွင် တွင်းနက်ရေတွင်းတူးဖော်နေမှု၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်ပြုလုပ်နေမှု၊ ရေတင်ရေစက်ရုံတည်ဆောက်မှု၊ ရေပိုက်များ သွယ်တန်းဆောင်ရွက်မည့် အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီစေရန် လမ်းညွန်မှာကြား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာပေါင်း ၂၆၆ ရွာရှိပြီး ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲများရှိပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ (၀၉-၄၅၅၅၃၃၃၂၂၊ ၀၉-၄၀၁၄၈၂၂၆၈၊ ၀၉-၆၉၉၂၄၅၂၆၇၊ ၀၉-၄၄၀၃၆၀၉၄၂၊ ၀၉-၈၉၅၉၉၀၉၇၇၊ ၀၉-၄၅၆၀၈၀၅၃၆၊ ၀၉-၄၀၀၂၂၇၂၂၄၊ ၀၉-၄၅၂၉၃၀၅၄၁ ဖုန်းနံပါတ်များသို့ ဖုန်းခေါ်ဆိုပြီး အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)