ဝန်းသို ၂၂ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါ မပြန့်ပွားစေရေးရည်ရွယ်လျက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကာကွယ်ရေးနှာခေါင်းစည်းများ၊ Family Care ဆပ်ပြာများ အခမဲ့ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက် ၇ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေး လှုပ်ရှားဆောင်ရွက်ကြရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်ကြီး ဦးတင့်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် နမ်းခမ်းတိုက်နယ် နမ်းခမ်းကျေးရွာ၌ လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုက်နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရင်ခွင်မဲ့ကလေးစောင့်ရှောက်ရေးအသင်း စသော လူမှုရေးအဖွဲ့အစည်းများက စုပေါင်း၍ ဂျိုးတောင်တိုက်နယ်၊ ဂျိုးတောင်မြို့မဈေးတွင်လည်းကောင်း၊ လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာတို့ကို အခမဲ့လိုက်လံဝေငှခဲ့ကြောင်း သိရှိရသည်။
မွှေးကြူဇင်


