နေပြည်တော် ၂၂ မတ်

 

နေပြည်တော်စာပေဝိုင်း၊ ဂုဏ်ထူးဆောင်နာယက စာရေးဆရာမကြီး တင်ရီမ(ညောင်ဉီး)၏ ဒုတိယအကြိမ် စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၂၂ ရက်က နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ Goden Plate စားသောက်ဆိုင်၌ ကျင်းပသည်။

 

223

 

ရှေးဉီးစွာ နေပြည်တော်စာပေဝိုင်း၊ ဂုဏ်ထူးဆောင် နာယကဖြစ်သူ စာရေးဆရာမကြီး တင်ရီမ(ညောင်ဉီး)က မုဒိတာစကား ပြောကြားရာတွင် စာပေဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ယခုနှစ်သည် ဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ စာပေဆုများကို ဆောင်းပါး၊ ဝတ္တုတို၊ ကဗျာနှင့် ကလေးစာပေဟူ၍ လေးမျိုးသတ်မှတ် ပြိုင်စေခဲ့ပါကြောင်း၊ ဆုများကို ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ဆု(၁၂)ဆု ချီးမြှင့်ပေးခဲ့ပါကြောင်း၊ နေပြည်တော်စာပေဝိုင်းကို တည်ထောင်၊ ဖန်တီး၊ စုစည်းပေးသည့်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နေပြည်တော်စာပေဝိုင်းကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ၊ ၎င်းမှ ၂၀၁၈ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပါကြောင်း၊ ယခု ၃ နှစ်ပြည့်သည့်အထိ ညီညီညွတ်ညွတ်နှင့် တွေ့ဆုံရ၍ ဝမ်းမြောက်ပါကြောင်း၊ စာပေဆုများကိုလည်း ယခင်နှစ်နှင့်မတူဘဲ ပိုမိုတိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်း၊ ဆက်လက်၍ နောင်အနာဂတ်တွင်လည်း လူကြီး၊ လူလတ်၊ လူငယ်ပါမကျန် ဆုချီးမြှင့်ပေးလိုသည့် စိတ်စေတနာများဖြစ်ပေါ်လာ၍ ပီတိဖြစ်အားရမိပါကြောင်း၊ စာပေနှင့်ပတ်သက်လျှင် အသက်နှင့်ခန္ဓာ တည်မြဲနေသရွေ့ ပိုမိုတိုးတက်စေဖို့၊ ချီးမြှင့်အားပေးသွားမည်ဖြစ်ပါကြောင်း၊ စာပေဆုချီးမြှင့်ခြင်းသည် အလှူဒါနတစ်ခု အနေနှင့်ဖြစ်သည်အတွက် ပိုမိုကြိုးစား အားထုတ်ရေးသားကြစေလိုကြောင်းနှင့် ကလေးစာပေကို ရေးသားမှုနည်းသည့်အတွက် ကလေးစာပေ ပိုမိုအားထုတ် ရေးသားကြပါရန် တိုက်တွန်း ပြောကြားသွားသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အစီအစဉ်အရ ကလေးစာပေပြိုင်ပွဲတွင် "ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ သန့်သန့်ရှင်းရှင်းနေထိုင်ပါ" ခေါင်းစဉ်ဖြင့် ပထမဆု ရရှိသည့် သက်သက်နွယ်၊ "လာဖို့ဖိတ်ခေါ် နေပြည်တော်" ခေါင်းစဉ်ဖြင့် ဒုတိယဆု ရရှိသည့် ဇာမဏီ(ပုဂံ)၊ "ပွင့်သောပန်းတိုင်း မွှေးစေချင်" ခေါင်းစဉ်ဖြင့် တတိယဆု ရရှိသည့် မစပယ်(တောင်တွင်းကြီး)၊ ကဗျာပြိုင်ပွဲတွင် "သောင်ကမ်းမကြီးရဲ့ ချစ်ခြင်း" ခေါင်းစဉ်ဖြင့် ပထမဆု ရရှိသည့် ကိုရင်ဖက်တော၊ "စာဆိုကဝိ လေးစားမိ" ခေါင်းစဉ်ဖြင့် ဒုတိယဆု ရရှိသည့် ရဲမွန်ကျော်၊ "လူသားစင်စစ် ရောင်းကုန်မဖြစ်သင့်" ခေါင်းစဉ်ဖြင့် တတိယဆု ရရှိသည့် မနောဖြူ၊ ဆောင်းပါးပြိုင်ပွဲတွင် "ဘိုးဘိုးအောင်နှင့် အင်းလောင်းမြေ" ခေါင်းစဉ်ဖြင့် ပထမဆု ရရှိသည့် ရဿဝတီ မေနန်း၊ "နှလုံးသားထဲက စာပေဝိုင်း" ခေါင်းစဉ်ဖြင့် ဒုတိယဆု ရရှိသည့် ရွှေလေညင်း၊ "တွင်းတောင်အကြောင်း တစေ့တစောင်း" ခေါင်းစဉ်ဖြင့် တတိယဆု ရရှိသည့် ရွှေညာသူ(စက်မှု) နှင့် ဝတ္တုတိုပြိုင်ပွဲတွင် "တမ်းတမိသော အိပ်မက်လေး" ခေါင်းစဉ်ဖြင့် ပထမဆု ရရှိသည့် ဟန်ညွန့်(ယဉ်ကျေးမှု)၊ "ပီတိကိုစား အားရှိတယ်လေး" ခေါင်းစဉ်ဖြင့် ဒုတိယဆု ရရှိသည့် မေချို(ပျဉ်းမနား)၊ "ဖြစ်သမျှကို" ခေါင်းစဉ်ဖြင့် တတိယဆု ရရှိသည့် ခင်လေး(ပြည်ထောင်စုနယမြေ)တို့ကို နေပြည်တော်စာပေဝိုင်း၊ ဂုဏ်ထူးဆောင် နာယကဖြစ်သူ စာရေးဆရာမကြီး တင်ရီမ (ညောင်ဉီး)က ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။

 

ထို့နောက် ကာတွန်းအောင်ကျော်က နေပြည်တော်စာပေဝိုင်း၊ ဂုဏ်ထူးဆောင် နာယကဖြစ်သူ စာရေးဆရာမကြီး တင်ရီမ(ညောင်ဉီး)သို့ အမှတ်တရ ပန်းချီကား လက်ဆောင်ပေးအပ်သည်။ ယင်းနောက် ကလေးစာပေ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္တုတို ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် စာရေးဆရာ၊ ဆရာမတို့က နေပြည်တော်စာပေဝိုင်း၊ ဂုဏ်ထူးဆောင် နာယကဖြစ်သူ စာရေးဆရာမကြီး တင်ရီမ(ညောင်ဉီး)သို့ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ရွှေလေညင်း(နေပြည်တော် ပြန်/ဆက်)