ခမောက်ကြီး ၂၂ မတ်
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ကမ္ဘာအနှံ့အပြားတွင် ကူးစက်ဖြစ်ပွားနေသော အဆိုပါရောဂါအား ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း လုပ်ငန်းအနေဖြင့် ခမောက်ကြီးမြို့အတွင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်း တွင် တစ်ခုအပါအဝင်ဖြစ်သည့် လက်ဆေးခြင်းလုပ်ငန်းများကို ခမောက်ကြီးမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာ ညီညီဇော်နှင့် သူနာပြုတို့က လက်ဆေးနည်းအား စနစ်တကျသရုပ်ပြခြင်း၊ တက်ရောက်လာ သူများကလည်း စနစ်တကျ လက်ဆေးခြင်းတို့ ဆောင်ရွက်ကြပြီး “ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ခရီးသွား မိဘပြည်သူများမှ ဝိုင်းဝန်းကူညီသောအားဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန် မေတ္တာရပ်ခံအပ်ပါသည်” ဗီနိုင်းအား လမ်းဆုံလမ်းခွများတွင် စိုက်ထူအသိပေးခြင်း၊ ဌာနဆိုင်ရာရုံးများ၊ ဈေးဆိုင်နှင့် စားသောက်ဆိုင် များတွင်လည်း လက်ဆေးဆပ်ပြာရည်နှင့် Hand Gel များ ထားရှိဆောင်ရွက်ရေး အသိပညာပေး ဆောင်ရွက်ကြသည်။
ခမောက်ကြီးဒေသအတွင်းရှိ ထိုင်းနယ်စပ်ထွက်ပေါက်များရှိရာ ရှမ်း(၆)ရွာအနက် အေးချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာ(၂)ရွာတွင်သာ မိမိနိုင်ငံသားများအား အဝင်လက်ခံလျက်ရှိပြီး၊ ကျန်(၄)ရွာအား အဝင်/ အထွက်ပိတ်ထားကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)


