ရန်ကုန် ၂၂ မတ်
စက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်းများရှိ အလုပ်ရှင်များ၊ အလုပ်သမားများ (COVID-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုလုပ်ငန်းများ ကျယ်ပြန့်စွာ တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း စီမံချက်နှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် စက်မှုဇုန်တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို က ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများမှ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် (COVID−19)ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရေးဆွဲထားသော အသိပညာပေးလုပ်ငန်း စီမံချက်၊ ကနဦး ဆောင်ရွက်မည့် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်း စက်မှုဇုန်အတွင်း ဆောင်ရွက်သွား မည့် အစီအစဉ်နှင့် လူမှုဖူလုံရေးအဖွဲ့မှ မြို့နယ်ရုံးခွဲတာဝန်ခံများ၊ မြို့နယ်တာဝန်ခံ ဆရာဝန်များ၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဆေးရုံ၊ ဆေးခန်း များမှ တာဝန်ခံဆရာဝန်များအား TOTသင်တန်းပေးနေမှု၊ ၎င်းမှတဆင့် ဆင့်ပွား သင်တန်းများပေးကာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများမှ တာဝန်ရှိသူများက (COVID-19)ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ကျယ်ပြန့်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံ ချက်နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများအား (COVID-19)ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးမှု များကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)


