ရန်ကုန်  ၂၂  မတ် 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်သို့သွားရောက်၍ COVID-19 ရောဂါ ဖြစ်ပွားရာနေရာဒေသ၊ နိုင်ငံများမှ ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာကြသူများနှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများမှ မည်သည့်ရောဂါလက္ခဏာတစ်စုံ တစ်ရာမျှမရှိသူ များအား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်ရာ၌ ထားရှိရန်အတွက် “ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ” မှ ပံ့ပိုးပေးသော နေရာများ စီစဉ်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ထိုသို့သွားရောက်ကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာ ယခုကျောင်းတိုက်တွင် လုပ်ငန်းကြီးကြပ်ရန် တာဝန်ခံအရာရှိ တစ်ဦးနှင့် လုပ်ငန်းဆောင်ရွက်ရန် ကျန်းမာရေးအဖွဲ့များ တာဝန်ချ ထားရမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပ မိခင်နှင့်ကလေး ဆေးရုံသို့ ဘဏ္ဍာငွေများ ထပ်မံခွဲဝေချထားပေးခဲ့ပါကြောင်း။

 

a

 

COVID-19 ရောဂါကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆုံးဖြတ်ချက်များချမှတ် ဆောင်ရွက်ရန်မှာ အချိန်နှင့်အမျှအရေးကြီးသဖြင့် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအား လုပ်ပိုင်ခွင့် (delegation of authority) အပြည့်အဝပေးအပ်ထားပါကြောင်း၊ ဆုံးဖြတ်ချက်ချလုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ပြီး ဗဟိုအဆင့်သို့ သတင်းပေးပို့ရန်သာဖြစ်ပါကြောင်း ပြောကြားပြီး အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းတိုက် အကျိုးတော်ဆောင်အဖွဲ့တို့သည် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းမှုများပြုလုပ်သည်။

 

a

 

“ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ” ၏ ပံ့ပိုးမှုဖြင့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါကျောင်းတိုက်၏ အဆောင်များတွင် အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုမှုခံယူသူ (၄၀ဝ) ဦးခန့်ကို ထားရှိနိုင်မည်ဖြစ်ပြီး ယနေ့ညတွင် စတင်ထားရှိ အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်းသိရသည်။

(သတင်းစဉ်)