ကန့်ဘလူ ၂၂ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကျရောက်မှု ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ ကန့်ဘလူမြို့တွင် ရဟန်းသံဃာတော်များက မတ် ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲမှ ၆ နာရီအထိ မြို့တွင်းသို့လှည့်လည်၍ အန္တရယ်ကင်းပရိတ် ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်းကို မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်မှုနှင့်ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဇော်နိုင်ဝင်းက " ပြည်သူတွေရောဂါဘယကင်းဝေးစေဖို့နဲ့ အခြားသော ဘေးအန္တရာယ် ကင်းဝေးစေဖို့အတွက် ဗုဒ္ဓဘာသာတရားတော်နဲ့အညီ အရံအတားအဖြစ် ပရိတ်တော်တွေကို ရွတ်ဖတ်ပူဇော်ခြင်းဖြစ်ပါတယ် " ဟုပြောသည်။
မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော် ၁၂ ပါးက မော်တော်ယာဉ် ရှစ်စီးဖြင့် မြို့ပြင်လမ်းများမှ စတင်ကာ မြို့တွင်းလမ်းများအတိုင်း အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော် ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


