မြဝတီ  ၂၂ မတ်  

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပြန့်ပွားမှုကြောင့် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေး တံတားအား ယခု မတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံဘက်မှ စတင်ပိတ်သိမ်းခဲ့ပြီး ခရီးသွားပြည်သူများ ဝင်ထွက်သွားလာမှုကို တံတားအမှတ်(၂)တွင် ဆက်လက်ခွင့်ပြုပေးရာမှ အဆိုပါ တံတား(၂)တွင်လည်း ခရီးသွားပြည်သူများ ဝင်ထွက်သွားလာမှုကို မနက်ဖြန် မတ် ၂၃ ရက်မှစတင်ပြီး ပိတ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ဘက်မှ ယနေ့ ကြေညာခဲ့ကြောင်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။

အဆိုပါကြေညာချက်အရ နယ်စပ်ဖြတ်ကျော် လူဝင်လူထွက်အားလုံးကို ပိတ်သိမ်းပြီး ကုန်ပစ္စည်းသယ်ယူပို့ ဆောင်သော ယာဉ်နှင့် ကူးစက်ရောဂါစစ်ဆေးခံရပြီးသော ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးတို့ကို ဖြတ်သန်းသွားလာခွင့် ဆက်လက်ခွင့်ပြုပေးသွားမည် ဖြစ်သည်။

ယနေ့တွင် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)တွင် ဒုတိယနေ့၌ မြန်မာရွှေ့ပြောင်း အလုပ် သမားများ အများအပြား ဝင်ရောက်လျက်ရှိရာ ပြန်လည်ဝင်ရောက်မှု အဆင်ပြေစေရေး ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို နှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြဝတီခရိုင်ကျန်းမာရေးဌာနအနေဖြင့်လည်း နေပြည်တော်၊ ဘားအံ၊ ကော့ကရိတ်မြို့ရှိ ကျန်းမာရေး ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အင်အားဖြည့်ပေါင်းစပ်၍ ကိုရိုနာဗိုင်းရပ်ကူး စက်မြန်ရောဂါ(Covid 19) ကာကွယ်/တားဆီးနိုင်ရေးတို့အတွက် ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

၂၀၁၅ ခုနှစ်၊ ကူးစက်ရောဂါနှင့်ပတ်သက်သော နည်းဥပဒေပုဒ်မ ၃၅ (၁) နှင့် တာ့ခ်ခရိုင်ကူးစက်ရောဂါ ကော်မတီ၏ ၂၀၂၀ ခုနှစ်၊ မတ် ၂၁ ရက်၊ စတုတ္ထအကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ထိုင်းနိုင်ငံ၊ ပြည်သူ့လွှတ်တော် ၂၀၂၀ ခုနှစ်၊ မတ် ၂၁ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ကုန်ပစ္စည်းသယ်ယူပို့ ဆောင်သောယာဉ်နှင့် ကူးစက်ရောဂါစစ်ဆေးခံရပြီးသော ယာဉ်မောင်းတစ်ဦးနှင့်ယာဉ်နောက်လိုက်တစ်ဦးမှအပ နယ်စပ်ဖြတ်ကျော်သော လူဝင်လူထွက် အားလုံး ဆိုင်းငံ့ထားရန်၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း ချမှတ်ဆောင်ရွက်သွားရန် စသည်ဖြင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ ကြေညာချက်တွင် ထည့်သွင်းကြေညာထားခြင်း ဖြစ်သည်။

“အခု ထိုင်းဘက်ကတော့ မနက်ဖြန်ကနေစပြီး နယ်စပ်ဖြတ်ကျော် လူဝင်လူထွက်တွေ ပိတ်ဖို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ၊ မနက်ဖြန်ကို ကျွန်တော်တို့ တစ်ချက်စောင့်ကြည့်ပြီး  ဘယ်လိုလုပ်မလဲဆိုတာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အခုလည်း ပြန်ဝင်လာတဲ့သူတွေ တအားများလို့ ကျွန်တော်တို့ အချိန်တိုး လက်ခံပေးဖို့ကို ညှိနှိုင်းနေပါတယ်”ဟု ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ထိန်လင်းအောင်(ပြန်/ဆက်)