နေပြည်တော်  ၂၂ မတ်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၃၈/၂၀၂၀)ကို ယနေ့ညနေ ၅နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါ COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၅) သို့ ကူးစက် ပြန့်ပွားနေပြီး ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားသည် ပြည်တွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေသည် ပိုမိုမြင့်မားလာပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများသည် အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာလိုက်နာကာ (၁၄) ရက်တာကာလအထိ နေအိမ်တွင် အသွားအလာကန့်သတ် နေထိုင်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားမှု ရှိပါက ချက်ချင်းသိရှိကာ လျင်မြန်စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ပါကြောင်း၊ နေအိမ်များတွင် အသွားအလာ ကန့်သတ်နေထိုင်သူများအနေဖြင့် နေ့စဉ်သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် ဖြစ်ပါကြောင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်းပြီး သည်ဖြစ်၍ ဟိုတယ် အချို့ကို အသွားအလာကန့်သတ်ပြီးစောင့်ကြပ်ကြည့်ရှုမည့် နေရာ အဖြစ်သတ်မှတ်ပြီး ဟိုတယ်များ၌ ထားရှိပြီး အသွားအလာကန့်သတ်ခြင်းကို ဆောင်ရွက် ရန် စတင်လုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်လည်း အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရန် နေရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်နေမှုများကို အားဖြည့်ဆောင်ရွက်နိုင်ရန် အတွက် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)နှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး)တို့ပါဝင်သည့် အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ထုတ်ပြန် ကြေညာထားသော COVID-19 ရောဂါကူးစက်ပြန့်ပွားလျက်ရှိ သော နိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂအဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ သံရုံးဝန်ထမ်း များနှင့် မိသားစုဝင်များကို သက်ဆိုင်ရာ နေအိမ်များတွင်သာ နေထိုင်စေ၍ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လိုက်နာရန်အချက်များကို တိတိကျကျလိုက်နာရန် မှာကြားထားပြီးဖြစ်ပါကြောင်း။

COVID-19 ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် စတင်ဖြစ်ပွားစဉ်ကာက၌ (၂.၁) ရာခိုင်နှုန်းခန့်သာရှိသော်လည်း ယခုအခါ ရောဂါကြောင့်သေဆုံးမှုရာခိုင်နှုန်းသည် (၄.၂) ရာခိုင်နှုန်းအထိမြင့်တက်လာသည်ကို တွေ့ရှိရ၍ မိမိတို့အနေဖြင့် COVID-19 ဓာတ်ခွဲ အတည်ပြု လူနာများကိုတွေ့ရှိပါက ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်မှုများကို ပိုမိုအားစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းများ၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ နှင့် ဤရောဂါနှင့် ပတ်သက်၍ အရေးကြီးသည့် ကိစ္စများကို ပိုမိုတိကျစွာ အချိန်နှင့် တစ်ပြေးညီချိတ်ဆက် နိုင်စေရေးအတွက် “ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုဌာနများကို ဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် တစ်ခု၊ နယ်စပ်ဝင်၊ ထွက်ပေါက်နေရာများအတွက် တစ်ခုထားရှိကာ မတ် ၂၃ ရက်မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အဆိုပါ (Command center)များတွင် ခေတ်မှီ ဆက်သွယ်ရေးနည်းပညာများ အသုံးပြု၍  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန စသည့် ကဏ္ဍများမှ တာဝန်ရှိသူများ အပါအဝင် အထောက်အကူပြုအဖွဲ့များ ပါဝင်ကာ တစ်ရက်လျှင် အဆိုင်း(၃)ဆိုင်းဖြင့် အလှည့်ကျတာဝန်ထမ်းဆောင်တော့မည်ဖြစ်ပါ ကြောင်း၊ ဝယ်ယူဖြန့်ဖြူးရေးကဏ္ဍအနေဖြင့် (က) လက်ဝယ်တွင်ရှိသော ဆေးနှင့်ဆေး ပစ္စည်းများ၊ (ခ) မှာယူရရှိရန် ရှိသော ဆေးနှင့်ဆေးပစ္စည်းများ၊ (ဂ) လှူဒါန်းရရှိမှုမှရရှိသော ဆေးနှင့်ဆေးပစ္စည်းခွဲဝေချထားမှုများကို စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်ရေးအတွက် dashboard များပြုလုပ်ထားရှိ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အချိန်နှင့်  တစ်ပြေးညီ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရန် မှာ အချိန်နှင့်အမျှအရေးကြီး သဖြင့် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူးများအား လုပ်ပိုင်ခွင့်ကို ယမန်နေ့က စတင်၍ အပြည့်အဝပေးအပ်ထားပါကြောင်း၊ ဆုံးဖြတ်ချက်ချလုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ပြီး ဗဟိုအဆင့် (Command Center) သို့ သတင်းပေးပို့ရမည်ဖြစ်ပါကြောင်း။

ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်တို့မှာ တစ်နိုင်ငံလုံးသို့ ရောက်ရှိရန် ခက်ခဲသဖြင့် တစ်နိုင်ငံလုံးမှ ပြည်သူများသိရှိရန် အတွက် မြို့နယ်နှင့် ကျေးလက်တော ရွာများတွင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဌာနတို့ပူးပေါင်း၍ လက်ကိုင်အသံချဲ့စက်ငယ်များအသုံးပြုူကာ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်တော့ မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာနေရပ်နိုင်ငံများသို့ ပြန်လည်သွားရောက်လိုသည့် သံရုံးဝန်ထမ်းများနှင့် ကုလသမဂ္ဂဝန်ထမ်းများအတွက် ယခုလက်ရှိတွင် COVID-19 ရောဂါလက္ခဏာများမရှိကြောင်း ထောက်ခံချက်ကိုလည်း ပြုလုပ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် ဖွံ့ဖြိုးတိုးတက်မှုအမြင့်မားဆုံးသော အမေရိကန်ပြည်ထောင်စုနှင့် ဉရောပနိုင်ငံများတွင်လည်း ရောဂါကူးစက်ဖြစ်ပွား သေဆုံး နှုန်းများ မြင့်မားနေသည်ကိုတွေ့ရှိနေရပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှာလည်း ယခုရက်ပိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ များပြား လာကာ သေဆုံးမှုများလည်းမြင့်တက်လာသဖြင့် မိမိအနေဖြင့် မိမိတို့နိုင်ငံသို့ဝင် ရောက်လာမည်ကို အထူးစိုးရိမ်မိပါကြောင်း၊ ပြည်သူများအနေဖြင့် COVID-19 ရောဂါ၏ မိမိတို့နိုင်ငံအပေါ်ရိုက်ခတ်နိုင်သော အခြေအနေအတိမ်အနက်ကိုသိရှိကာ ပေါ့လျော့ခြင်း လုံးဝမရှိဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ဝန်ကြီးဌာန အသီးသီးမှ ထုတ်ပြန်ထားသည့် အချက်များကို စနစ် တကျလိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ကြပါရန်တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံတကာတွင် ရောဂါဖြစ်ပွားကူးစက်မှု၊ သေဆုံးမှုအခြေအနေများ၊ နိုင်ငံတကာတွင် အခြားနိုင်ငံများမှ နိုင်ငံတွင်းသို့ဝင်ရောက်လာကြသူများကို ဝင်ရောက်ခွင့်ပိတ်ပင်မှု၊ အသွားအလာကန့်သတ်ခြင်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတကာ ကုသရေးကုထုံးဆိုင်ရာ လေ့လာတွေ့ရှိမှုနှင့် မိမိတို့နိုင်ငံအတွက် ကြိုတင် ပြင်ဆင်ထားရှိမှု၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဗဟိုကွင်းဆင်းအဖွဲ့၏ ကွင်းဆင်း ဆောင်ရွက်မှုအခြေအနေများ၊ တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်များ၊ စသည်တို့ကိုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)