ပဲခူး ၂၃ မတ်

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် Covid-19ရောဂါ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ပဲခူးမြို့ ကလိ(၆)ထပ်ဆေးရုံအနီးရှိ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးရုံး အဆောက်အဦအား ကိုရိုနာ ဗိုင်းရပ်စောင့်ကြည့်လူနာများ ထားရန်နေရာအဖြစ် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါအဆောက်အဦသည် လူနေရပ်ကွက်/ကျေးရွာများနှင့် သီးခြားရှိနေသည့်အတွက် ကူးစက်လူနာ ကိုရိုနာဗိုင်းရပ်စောင့်ကြည့်လူနာများ ထားရန်သင့်တော်သောနေရာဖြစ်သဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်သူများနှင့်ပေါင်းစပ်ကာ လူနာထားရှိမည့်အခန်း၊ လိုအပ်မည့်အသုံးအဆောင်ပစ္စည်း၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ ဆက်သွယ်မှုကိစ္စရပ်များနှင့် လုံခြုံမှုဆိုင်ရာစသည့်လိုအပ်သည်များကို အမြန်ဆုံးပြည့်စုံနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 

‌ေ

 


ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသည် ဆေးရုံကြီး၏ နေရာအနေအထား လူနာဆောင် အနေအထားများအရ COVID-19 ရောဂါ အသွင်ဖြစ်ပွားလာပါက ယခု (Isolation Unit) နေရာသည် သင့်တော်မှုမရှိခြင်း၊ အထူးကုပြင်ပလူနာဌာနနှင့် သံဃာဆောင်တို့အား အသုံးပြုမည်ဆိုပါကလည်း စံချိန်သတ်မှတ်ချက် ကိုက်ညီရန် များစွာပြင်ဆင်ရမည်ဖြစ်သည့်အပြင် ရေချိုးခန်းနှင့် အိမ်သာများ ထပ်မံထည့်သွင်းရန် အခက်အခဲရှိခြင်းတို့ကြောင့် လူနေရပ်ကွက်/ကျေးရွာများနှင့် သီးခြားရှိနေသည့် ပဲခူးမြို့ ကလိ(၆)ထပ်ဆေးရုံအနီးရှိ တိုင်းဒေသကြီးကုသရေးဦးစီးဌာနရုံးအား ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာများထားရန် ရွေးချယ်ကာပြင်ဆင်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ပဲခူးမြို့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ ပြောကြားသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စောင့်ကြည့်လူနာများထားနိုင်ရန်အတွက် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးမြို့ ကလိ(၆)ထပ်ဆေးရုံအနီးရှိ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးရုံးတို့အား ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

‌ေ

 


ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကို မိမိတို့၏အရေးကိစ္စသဖွယ် သဘောထားကာ တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် တတ်နိုင်သမျှဝိုင်းဝန်းပါဝင် ပူးပေါင်းရွက်ပေးကြရန် လိုအပ် ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)