မုဒုံ    ၂၃  မတ်   

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မုဒုံမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆေးကုသခံယူနေသည့် လူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။

ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ မုဒုံပြည်သူ့ဆေးရုံအတွင်း စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို မေးမြန်ခဲ့ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်သိန်းဦးက ကုသရေးလုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် သံသယလူနာ တွေ့ရှိပါက သီးသန့်လူနာဆောင်များ ဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံဝင်းအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အား/ကာ ဦးစီးဌာန ရွှေဟင်္သာအားကစားခန်းမသို့ ရောက်ရှိပြီး မြို့နယ် အား/ကာဦးစီးမှူး ဒေါ်နွယ်နီစံက မြို့နယ်အားကစားကွင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)