မိတ္ထီလာ ၂၃ မတ်
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းနှင့် ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ သိန်း ၁၀ဝ ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများမှ ပူးပေါင်း၍ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်၊ အဆိုပါစီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာ၊ သောက်သုံးရေအဆင်မပြေသည့် ကျေးရွာများဖြစ်ပြီး ကျေးရွာလူထုမှလည်း အမှန်တကယ် ပူးပေါင်း ဆောင်ရွက်လိုသည့် ကျေးရွာများကို အဓိကရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ ၂၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများအား ရန်ပုံငွေများ ပေးအပ်ခဲ့သည်။
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို သဖန်းပင်ရိုး၊ မကျီးချောက်၊ ပေါက်ပင်အိုင့်၊ တုံးအိုင်၊ ထနောင်းကန်၊ မွေ၊ လျှော်ဖြူကန်၊ ဖလံကျင်း၊ ရေချို၊ အုံတုံ၊ ခင်လူး၊ ညောင်ကန်၊ ချုံစွန်း၊ မောက်လောက်၊ ပိတောက်ပင်၊ ရုံးတောကြီး၊ ရွာတန်းရှည်၊ မယ်ဇလီပင်၊ ပျော်ကုန်း၊ နဘဲကုန်း၊ ဆည်ကုန်း၊ လိန်တော၊ ပျဉ်သာ၊ ညောင်ဇောက်၊ အင်ပင်ဝကျေးရွာနှင့် အရာတော်ကျေးရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


