ကျောက်ပန်းတောင်း   ၂၃   မတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊  ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေကျပ် ၆၀.၅၅ သန်းဖြင့် မြို့မစည်ပင်သာယာဈေးကြီးပတ်လည်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်းတို့တွင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို  မတ် ၂၂ ရက်နေ့ ညနေ ၃ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖြိုးတင့်ခိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးချမ်းငြိမ်းတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး   လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကျောက်ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

 

a

 

အဆိုပါ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းအတွက် မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ နိုင်လွန်ကတ္တရာ တန်ဖိုးငွေ(၂၆.၇၁၈) သန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရပြီး၊ ကျောက်ပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံး ငွေရင်းရန်ပုံငွေ(၆၀.၅၅)သန်းဖြင့် အမှတ်(၁)အ.ထ.က ကျောင်းရှေ့ လမ်း၊ အရှည်ပေ(၆၀ဝ)နှင့် မြို့မစည်ပင်သာယာဈေးပတ်လည် လမ်း အရှည် ပေ(၁၇၈၀)၊ စုစုပေါင်းလမ်းအရှည် ပေ(၂၃၈၀)ပေ၊ လမ်းအကျယ် (၂၄)ပေနှင့်ထု(၃)လက်မ ကိုဆောင်ရွက်နေခြင်းဖြစ် ကြောင်းသိရသည်။

 ဈေးလမ်းတွင် လူသွား လူလာများသဖြင့် အများပြည်သူအနှောက်အယှက် မဖြစ်စေရန် အချိန်တိုအတွင်း အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းအားလုံးကို (၅)ရက်အတွင်း အပြီးဆောင်ရွက်သွားရန် ခန့်မှန်းထားကြောင်း မြို့နယ်အင်ဂျင်နီယာ ဒေါ်မြသက်နှင်းက ပြောသည်။

နေအောင်(ပြန်/ဆက်)