ကြံခင်း    ၂၃  မတ်

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့ ရပ်ကွက်များနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး မြို့မဈေးရှိ သားစိမ်း၊ ငါးစိမ်းတန်းများနှင့် ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များမှ ပြည်သူများထံသို့ COVID-19 ကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ရောဂါကာကွယ်ရန် စနစ်တကျလက်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ရပ်ကွက်များအတွင်း ရောဂါလက္ခဏာ သံသယရှိသူများတွေ့လျှင် ကျန်းမာရေးဌာနသို့ အမြန်ဆုံး အကြောင်း ကြားပေးရန်၊ ကျန်းမာရေးဌာနမှ စောင့်ကြည့်လူနာများအား (၁၄)ရက်အတွင်း ရောဂါလက္ခဏာ ဖြစ်ပေါ်မှုရှိ မရှိ ကြည့်ရှုကုသပေးမှာဖြစ်ကြောင်း  အသိပညာပေး ပြောကြားခဲ့သည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ကြံခင်းမြို့နယ်အတွင်း ကျေးရွာ ၃၅ အုပ်စုရှိ ပြည်သူများထံသို့ မတ် ၂၇ ရက်နေ့အထိ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး (ပြန်/ဆက်)