မြိတ် ၂၃ မတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အထပ်မြှင့်အဆောက်အဦ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကန်ဖျားရပ်ကွက်ရှိ (၇)လွှာ အဆောက်အဦ တစ်ခုတွင် ပြုလုပ်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်မှုတွင် အပိုင်းလေးပိုင်းဖြင့် စခန်းမှထွက်ခွာခြင်း၊ စနစ်တကျနေရာယူခြင်း၊ ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ခြင်း၊ မီးငြှိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ရှာဖွေကယ်ဆယ်ရေးတွင် အထပ်မြင့်၌ ပိတ်မိနေသူအား အထပ်မြှင့်မီးငြှိမ်းသတ်ယာဉ် လှေကားအသုံးပြု၍ ကယ်ဆယ်ခြင်း၊ အဆောက်အဦအတွင်း ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ ဝင်ရောက်၍ ပြိုကျပျက်စီးနေသော အခန်းအတွင်းရှိ ပိတ်မိနေသူများအား Catter များ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုပေးခြင်းနှင့် ဒဏ်ရာရလူနာအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်းများကို လေ့ကျင့်ခဲ့ကြသည်။
မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုတွင် မီးသတ်ယာဉ်များနှင့် လှေကားတင်ယာဉ်တို့ဖြင့် မီးထိန်းခြင်း၊ မီးငြှိမ်းသတ်ရေးအဖွဲ့မှ ပိုက်များစနစ်တကျ ခင်းကျင်း၍ အထပ်မြင့်အဆောက်အဦ၏ Fire Point အခန်းအတွင်းသို့ ဝင်ရောက်ကာ Nozzle Technique များ အသုံးပြုငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များနှင့် လှေကားတင်ယာဉ်တို့ဖြင့် မီးလောင်မှုအား အပြီးသတ် ငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
မြိတ်မြို့တွင် သုံးထပ်နှင့်အထက် အဆောက်အဦ ၂၀ဝ ကျော်ရှိပြီး အထပ်မြင့်အဆောက်အဦ၌ မီးလောင်မှုနှင့် တခြားဘေးအန္တရာယ်များ ဖြစ်ပွားပါက ပြည်သူများအား စနစ်တကျ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ လှေကားတင်ယာဉ ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး စုစုပေါင်း (၈)စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


