ဒီးမော့ဆို ၂၃ မတ်
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့တစ်ဝှမ်းတွင် ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ COVID-19 နှင့် ပတ်သက်၍ ကျေးရွာ ပြည်သူလူထုများအား အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပန်ပက်ကျေးရွာအုပ်စု ပန်ပက်ရွမ်းကူကျေးရွာ ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာ စိုးမင်းထွန်း က အဆုတ်ရောင်ရောဂါ COVID-19 နှင့် ပတ်သက်သော အသိပညာများကို ရှင်းလင်းပြောကြားပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာကြသူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် ကျန်းမာရေး အခြေအနေ ထူးခြားမှုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ် အကြောင်းကြားကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဆရာဝန်နှင့် အဖွဲ့ဝင်များက ကျေးရွာနေပြည်သူလူထု ၁၅၀ ဦးခန့်အား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကုသဆောင်ရွက်ပေးခဲ့သည်။
ပန်ပက်ကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံအများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင် လျက်ရှိပြီး ကမ္ဘာ့တစ်ဝှမ်း၌ ဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာကြကာ ယခုအခါ ပြန်လည်ရောက်ရှိသူ များပြားလာသည့်အတွက် လိုအပ်သော ကျန်းမာရေး အသိပညာများ၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခုလို ကွင်းဆင်းကုသ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုအဆင့်(၁) ဒေါ်စန်းစန်းမြင့် ထံမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)


