မန္တလေး ၂၃ မတ်
သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းမှ ပျက်စီးခဲ့သော စေတီ(၃၈၉) ဆူတွင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီး စေတီ(၃၇၅)ဆူရှိကာ ဆောင်ရွက်ဆဲ စေတီ(၁၁) ဆူနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည့် စေတီ (၃) ဆူရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
“ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းမှ လက်ရှိတွင် ဆောင်ရွက်ဆဲ စေတီ(၁၁)ဆူနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည့် စေတီ(၃)ဆူကို ယခုနှစ်အတွင်း အပြီးဆောင်ရွက် သွားမယ်လို့ ရည်မှန်းထားပါတယ်။ လာမည့်ဧပြီလလောက်မှာ ဆောင်ရွက်ဆဲစေတီအချို့ ပြုပြင်ထိန်းသိမ်းမှု ပြီးစီးဖို့ရှိတယ်ဟု” ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော စေတီ(၃၈၉)ဆူအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာတွင် ပထမဦးစားပေး၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေးဟူ၍ ဆောင်ရွက်ခဲ့ပြီး ပထမဦးစားပေးတွင် စေတီ(၃၆)ဆူ၊ ဒုတိယဦးစားပေးတွင် စေတီ(၅၃)ဆူနှင့် တတိယဦးစားပေးတွင် စေတီ(၃၀၀) ဆူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပထမဦးစားပေး(၃၆)ဆူမှ (၂၉)ဆူ ပြုပြင်ထိန်းသိမ်းပြီး စေတီ(၆)ဆူ ဆောင်ရွက်ဆဲဖြစ်ကာ ဆောင်ရွက်ရန် ကျန်စေတီ(၁)ဆူရှိကြောင်း၊ ဒုတိယဦးစားပေး(၅၃)ဆူမှ (၄၈)ဆူ ပြုပြင်ထိန်းသိမ်းပြီး ဆောင်ရွက်ဆဲ စေတီ(၃)ဆူ နှင့် ဆောင်ရွက်ရန်ကျန် စေတီ(၂)ဆူရှိကြောင်း၊ တတိယဦးစားပေး(၃၀၀)မှ (၂၉၈)ဆူအား ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကာ ဆောင်ရွက်ဆဲ စေတီ (၂)ဆူရှိကြောင်း သိရပြီး စုစုပေါင်းပြုပြင် ထိန်းသိမ်းဆောင်ရွက်ပြီးစေတီ (၃၇၅)ဆူ၊ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ဆဲ စေတီ(၁၁)ဆူနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် ကျန်စေတီ(၃)ဆူ ရှိကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ စာရင်းများအရ သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ်ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသည့် စေတီ(၃)ဆူကို ယခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


