စစ်တွေ  ၂၃  မတ်

 

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များမှ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

 

အလှူငွေပေးအပ်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်က အလှူငွေနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များမှ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၃၂၂၀၀၀၀၀၀)၊ ဆန်အိတ် ၆၆၅ အိတ်နှင့် စားအုန်းဆီ ပိဿာ ၁၂၀၀ ကျော်တို့ကို တိုင်းမှူးက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဇံက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

 

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း ထောက်ပံ့ငွေသိန်း (၅၀၀၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

23680075