ရန်ကုန် ၂၃ မတ်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေးကော်မတီကို တစ်နှစ်တစ်ခါ ပြန်လည်ဖွဲ့စည်းအတည်ပြုပြီး ဆုရွေးချယ် ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို  အဖွဲ့ကြီး၏ အစည်းအဝေးဖြင့်  ဆွေးနွေးလေ့ ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း ဆုရွေးချယ်ရေး အဖွဲ့ဝင်များအားလုံးနှင့် ယခင်နှစ်များ ကဲ့သို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း COVID-19 ကိစ္စကြောင့် အဓိက တာဝန်ယူထားသည့် ပုဂ္ဂိုလ်တချို့ကိုသာ ဖိတ်ကြားပြီး အစည်းအဝေးကျင်းပခြင်း ဖြစ်ပါကြောင်း၊  အခြေအနေပေးသည်နှင့် အဖွဲ့ဝင်အားလုံး ဖိတ်ကြားပြီး တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။

 

ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ကျန်ရှိသည့်အဖွဲ့ဝင်များထံ ယနေ့အစည်းအဝေး စီစဉ်ဆောင်ရွက်မှုအခြေအနေကို ဆက်လက် မျှဝေပေးစေလိုပါကြောင်း၊ ယခုအစည်းအဝေးသည် ယခုနှစ် ဆုရွေးချယ်နိုင်ရန် အတွက် စာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခြင်းဖြစ်ရာ တက်ရောက်လာကြသည့် ဆုရွေးချယ်ရေး အဖွဲ့ဝင်များအနေဖြင့် စီစဉ်ဆောင်ရွက် ထားရှိမှုများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ စည်သူ ဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)နှင့် ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)တို့က ဆုရွေးချယ်ရေးကော်မတီဖွဲ့စည်း ထားမှုအခြေအနေ၊ ဆုရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဆုရစာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အတွင်းရေးမှူး ဦးသန်းအုန်း (မောင်ဇေယျာ)က အမျိုးသား စာပေဆုအတွက် စာအုပ်များ လက်ခံရရှိမှုအခြေအနေနှင့် ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စာပေဗိမာန် စာမှုဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)က ပြိုင်ပွဲဝင် စာမူများလက်ခံရရှိမှု အခြေအနေနှင့် ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများစီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဆုရွေးချယ်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များကိုယ်စား ကော်မတီဥက္ကဋ္ဌ စည်သူသော်ကောင်းအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ၂ သိန်းနှုန်းဖြင့် ၅၄ ဦးအတွက် ငွေကျပ် ၁၀၈ သိန်း၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များကိုယ်စား အဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြင့်(မောင်ရင့်မာ-ကျောက် ကုန်း)အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ၂ သိန်းနှုန်းဖြင့် ၂၇ ဦးအတွက် ငွေကျပ်  ၅၄ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရန်အတွက် တစ်နှစ်အတွင်း ထွက်ရှိသည့် စာအုပ်များပြည့်စုံစွာ ရရှိအောင် ဆောင်ရွက်ရေး၊ ဆုရွေးချယ်ရေးလုပ်ငန်းစဉ်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ ဆုရွေးချယ် ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ စိစစ်အတည်ပြုပြီးပါက ယင်းအချက်များနှင့်အညီ စာအုပ်နှင့်စာမူများကို စနစ်တကျရွေးချယ် နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

အမျိုးသားစာပေဆုကို ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေအမျိုးအစားနှင့် ဘာသာရပ်အလိုက်  ၁၈ မျိုးခွဲခြားကာ အမျိုးသားစာပေ ဆု မူဝါဒစည်မျဉ်းစည်းကမ်းနှင့်အညီ စိစစ်ရွေးချယ်ပြီး ဆုချီးမြှင့်ခြင်း၊ စာပေဗိမာန်စာမူ ဆုကို မြန်မာစာပေလောကတွင် စာကောင်းပေမွန်များ ထွက်ပေါ်စေရေးအတွက် ပုံနှိပ် ထုတ်ဝေရန် အခက်အခဲရှိနေသော စာပေကလောင်ရှင်များ၏ စာမူများကို ပြိုင်ပွဲ ဖိတ်ခေါ်ကာ နှစ်စဉ်ရွေးချယ်ပြီး ဆုချီးမြှင့်ခြင်းတို့ကို ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)