ရန်ကုန် ၂၃ မတ်
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Forever Group တို့မှ အလှူငွေ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ တစ်ကမ္ဘာလုံးနီးပါး ကူးစက်ပြန့်ပွားနေသော်လည်း မိမိတို့နိုင်ငံအနေဖြင့် အင်မတန် ကံကောင်းထောက်မစွာဖြင့် ယနေ့အထိ Positive မတွေ့ရသေးသည့် အနေအထားတွင် ရှိပါကြောင်း၊ သို့သော်လည်း အချိန်မရွေး ဝင်ရောက်လာနိုင်သဖြင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေပါကြောင်း။
ရောဂါကာကွယ်ရေးကိစ္စသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်း၊ အစိုးရဌာနများချည်း လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ဘဲ အများပြည်သူအားလုံးက အသိစိတ်ဓာတ်ဖြင့် ပါဝင်မှသာလျှင် ဆောင်ရွက်နိုင်မည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များနှင့် ပြည်သူ တစ်ရပ်လုံးစုပေါင်းပြီး ဆောင်ရွက်ရမည်ဟု မြင်ပါကြောင်း၊ ထိုသို့ ဖြစ်လာစေရန် ပြည်သူအားလုံးက စိတ်ပါဝင်စားမှုရှိပြီး တစ်နိုင်ငံ လုံး၏ အရေးကိစ္စဖြစ်သည်ဟူသော အသိစိတ်ဓါတ်ဖြင့် ပါဝင်ဆောင်ရွက်သူများ ပေါ်ပေါက် လာရန်လိုအပ်ပါကြောင်း၊ ယင်းကိစ္စအတွက် အရေးကြုံလာလျှင် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက် မည်ဆိုသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာသည်ကိုလည်း တွေ့မြင်ရသည့်အတွက် အင်မတန် အားတက်စရာကောင်းပါကြောင်း။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် သာရေး၊ နာရေးကိစ္စများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် အမြဲတမ်း ပါဝင်ဆောင်ရွက်နေသကဲ့သို့ ယခုအရေး ကိစ္စတွင်လည်း အလားတူ ပါဝင်ဆောင်ရွက်လာသည်ကို တွေ့မြင်ရသဖြင့် ဝမ်းသာအားရ ဖြစ်မိပါကြောင်းနှင့် အထူးကျေးဇူး တင်ရှိပါကြောင်း၊ Forever Group အနေဖြင့်လည်း ယခုကဲ့သို့ ပါဝင်လှူဒါန်းမှုအတွက် အလားတူ ကျေးဇူးတင်ရှိပါကြောင်း၊ အနုပညာရှင်များ အနေဖြင့်လည်း ယခုကဲ့သို့ လှူဒါန်းမှုမျိုးအပြင် ယခုလိုကာလတွင် ဆောင်ရွက်သင့်သည်များကို စေတနာ၊ စိတ်ဓာတ်အပြည့်အဝဖြင့် ဆက်လက်ပြီး ပါဝင်ဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါကြောင်းနှင့် ဝိုင်းဝန်း ဆောင်ရွက်ကြပါဟုလည်း မေတ္တာရပ်ခံပါကြောင်း။
သင်္ကနြ်ကာလတွင် မဏ္ဍပ်များနှင့် ဖျော်ဖြေမှုများ မရှိသည့် အချိန်၊ လူအများ မိမိအိမ်တွင်နေရမည့် အခြေအနေမျိုး၌ ရုပ်မြင်သံကြားမှ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းမည့် ဖျော်ဖြေရေး အစီအစဉ်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ယင်းအစီအစဉ်များတွင် ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးနှင့် မိတ်ဖက်ရုပ်သံများ ပူးတွဲပြီး ရုပ်မြင်သံကြားဖန်သားပြင်မှ ယခင်ထက် ပိုမိုကောင်းမွန်သည့် အစီအစဉ်များ ထုတ်လွှင့်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ယင်းအစီအစဉ်များတွင်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက နိုင်ငံတွင် သဘာဝ ဘေးဒဏ်ကဲ့သို့ အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက မိမိတို့ လောကသားများအနေဖြင့် ညီညီညွတ်ညွတ်နှင့် စုပေါင်းလှူဒါန်းလေ့ရှိပါကြောင်း၊ ယခုလှူဒါန်းမှုသည် ရုပ်ရှင်လောကသားများ ရှာဖွေထားမှုများဖြင့် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ထိုသို့ လှူဒါန်းရသည့်အတွက် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ ယခုအခါ ရုပ်ရှင်လုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိရာ အထူးသဖြင့် နေ့စားလုပ်သားများ အတွက် စားဝတ်နေရေး အဆင်ပြေစေရန် အစည်းအရုံးအနေဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းရသဖြင့် ရုပ်ရှင်လောကသားများကိုယ်စား ဝမ်းသာကျေနပ်ဖြစ်ရပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အလှူငွေကျပ်သိန်း ၁၀ဝ၊ Forever Group က အလှူငွေ ကျပ်သိန်း ၂၀ဝ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားစတူဒီယို - ၁ တွင် Public Service Announcement for COVID-19 အသိပညာပေး နှိုးဆော်ရေးအစီအစဉ် ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးပြီး ယင်းအစီအစဉ်တွင် ပါဝင်ရိုက်ကူးနေသည့် ရုပ်ရှင်၊ ဂီတနှင့် MRTV-4 မှ အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရေးအစီအစဉ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ ဂီတအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ထူးအောင်နှင့် ဘိုဘိုရုပ်ရှင် ထုတ်လုပ်ရေးမှ ဦးဆန်းဝင်းဦး (ဘိုဆန်း)တို့နှင့် ပူးပေါင်းစီစဉ်မှုဖြင့် ရုပ်ရှင်/ရုပ်သံနှင့် ဂီတ အနုပညာ ရှင်များဖြစ်ကြသော အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ သီဟ၊ လပြည့်၊ စိုပြေမြင့်၊ စည်သူလွင်၊ ဇော်ပိုင်၊ အာဇာနည်၊ ဖိုးသောကြာ၊ လွှမ်းပိုင်၊ အကယ်ဒမီ အေးမြတ်သူ၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ နန့်ချစ်နဒီဇော်၊ ဝေလာရီ၊ နေရည်ဝင်းလဲ့၊ စနိုးကြည်ဖြူ၊ ချောစုခင်၊ ကော်နီ၊ ထက်ထက် (Bobby Soxer)၊ ဆောင်းအိန္ဒြေထွန်းတို့က ပါဝင်ရိုက်ကူးကြခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို MRTV မှ မကြာမီ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


