နေပြည်တော် ၂၃ မတ်

 

ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန  ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ယနေ့ကျင်းပသော ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂက ပညာရေးဝန်ကြီးဌာနသို့ အထောက်အပံ့အဖြစ် ယူရို ၃၂ သန်း (မြန်မာငွေကျပ် ၅၁ ဘီလီယံ) ပေးအပ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး တန်းတူမျှတသော ပညာသင်ယူခွင့်ရရှိရေးကို အရေးပါသော ဦးစားပေးအစီအစဉ် တစ်ရပ်အဖြစ် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း အခမဲ့ အခြေခံပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာသင်ယူရန်အခက်အခဲရှိသော ကလေးငယ်များအတွက် လူတိုင်းအကျုံးဝင်ပညာရေးကို မြှင့်တင်လျက်ရှိပါကြောင်း၊ အတူတကွသင်ယူမှု အစီအစဉ်ဖြင့် အခြေခံပညာ ဆည်းပူးသင်ယူမှုကို အားပေးလျက်ရှိပါကြောင်း၊ လုပ်အားပေး ဆရာများအား လစာငွေနှင့် ကြိုပို့ကားများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်ပူးပေါင်းလျက် စာသင်ဆောင်များ ဆောက်လုပ်သင်ကြားလျက် ရှိပါကြောင်း၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ကျောင်းနေအရွယ် ကလေးများအတွက် အခြေခံပညာ သင်ယူရေးအခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

နည်းပညာ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ တိုင်းရင်းသား ဘာသာစကား၊ စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးပြုပြင် ပြောင်းလဲမှုများအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဥရောပသမဂ္ဂအား ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး   Mr. Kristian Schmidt က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော ပညာသင်ယူမှုအခွင့် အလမ်း တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများကို အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စုပေါင်းဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်