ရန်ကုန် ၂၃ မတ်

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Excellent Fortune Foundation မှ    (COVID-19) ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကား ပြောကြားပြီး Excellent Fortune Foundation ဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်းက ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး “ဦးနိုင်ငံလင်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ထံ Excellent Fortune Foundation မှ ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်းက ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ အဓိက Quarantine  လုပ်ခံရမယ့် သူတွေကိုထားမယ့် နေရာတွေပြင်ဆင်တယ်။ ဆေးနဲ့ဆေးပစ္စည်း တွေကိုလည်း အလှူခံတာတွေလည်းရှိတယ်။ ကျွန်တော်တို့ စုဆောင်းထားတာတွေ လည်းရှိတယ်။ အဲဒီလိုမျိုး စုဆောင်းပြီး ပြင်ဆင်ထားတာတွေရှိတယ်။ ဝေဘာဂီမှာထားတဲ့ Quarantine တွေဆို အစားအစာတွေအတွက် တိုင်းအစိုးရက ပြင်ဆင်ပေးတာတွေရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ လောလောဆယ်မှာ Quarantine ထားမယ့်နေရာတွေ စားသောက်စရာတွေ ရောဂါကိုထိန်းချုပ်နိုင်ဖို့ အတွက် ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

 

Excellent Fortune Foundation မှ ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်း က “(COVID-19)ရောဂါက မြန်မာနိုင်ငံမှာတော့ အခုထိ ရောဂါ ဖြစ်ပွားတဲ့သူ မတွေ့ရသေးဘူး။ ပြည်ပနိုင်ငံတွေမှာတော့ အလျင်အမြန် ပြန့်ပွားနေတာ တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ မတော်တဆ ဖြစ်ပွားလာခဲ့ရင် အချိန်မီ ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်နိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

 

ယနေ့ Excellent Fortune Foundation မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လှူဒါန်းသည့် (COVID-19) ရောဂါကာကွယ်ရေးပစ္စည်းများတွင် ရောဂါကာကွယ်ရေး ဝတ်စုံ PPE (၂၀၀)စုံ၊ တစ်ခါသုံး ရာဘာ လက်အိတ် ၈၀ဝခု၊ ရောဂါကာကွယ်ရေး မျက်မှန် (၆၇)ခု၊ ရောဂါကာကွယ်ရေး နှာခေါင်းစည်း Face mask (၂၄၀၀)ခုနှင့် ရောဂါကာ ကွယ်ရေး နှာခေါင်းစည်း N95 Mask (၂၄၀)ခု တို့ကို လှူဒါန်းခဲ့သည်။

 

ထို့ပြင် Excellent Fortune Foundation မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများ၊ ဆေးရုံများ၊ တပ်မတော်ဆေးရုံကြီးနှင့် အရပ်ဖက်အဖွဲ့အစည်းများသို့ ရောဂါကာကွယ်ရေး ဝတ်စုံ PPE (၁၄၃၆)စုံ၊ တစ်ခါသုံး ရာဘာလက်အိတ် (၅၇၄၄)ခု၊ ရောဂါကာကွယ်ရေး မျက်မှန် (၃၇၈)ခု၊ ရောဂါကာကွယ်ရေး နှာခေါင်းစည်း Face mask (၁၅၈၂၀)ခုနှင့် ရောဂါကာကွယ်ရေး နှာခေါင်းစည်း N95 Mask (၁၇၂၃)ခု တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)