၂၃ မတ်
မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပြည်တွင်းလိဂ်ပွဲများတွင် COVID-19 ရောဂါကာကွယ်ရေး အစီအစဉ်များဆောင်ရွက်လျက်ရှိပြီး ပွဲမတိုင်မီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပြည်တွင်းပွဲများကို ဆက်လက်ကျင်းပလျက် ရှိသော်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားစေလျက် ရှိသော်လည်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ပွဲကစားမည့်နှစ်ဖက်အသင်းမှာ တာဝန်ရှိသူများ၊ ကစားသမားများ၊ ပြိုင်ပွဲတာဝန်ကျဝန်ထမ်းများ၊ ဒိုင်အဖွဲ့နှင့် ကွင်းရုံဝန်ထမ်းများ၊ ရုပ်သံရိုက်ကူးရေးအဖွဲ့များကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ဆေးခြင်းတို့ ပြုလုပ်ပြီးမှ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲဝင် အသင်းတစ်သင်းလျှင် ကစားသမားများ အပါအဝင် စုစုပေါင်း ၃၀ သာ ကွင်းအတွင်းသို့ ခေါ်ဆောင်ခွင့်ပြုသည့်အပြင် ပွဲမစမီပြုလုပ်သည့် လက်ဆွဲနှုတ်ဆက်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခြင်းမရှိကြောင်းသိရသည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပွဲမစမီ ကျန်းမာရေးစစ်ဆေးခြင်းများကို စီနီယာလိဂ်ပွဲစဉ်များအပြင် လူငယ်ပွဲများတွင်လည်း ပြုလုပ်လျက်ရှိသည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်နေခြင်း ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ


