နေပြည်တော် ၂၃ မတ်
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကမ္ဘောဇဘဏ်က ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုး ရှိ ဆေးရုံသုံးနှာခေါင်းစည်း ၄၀၀,၀၀၀ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလှူဒါန်းမှုသည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးနှင့် သက်ဆိုင်ရာပြည်သူ့ဆေးရုံအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် လည်းကောင်း၊ အကယ်၍ သံသယ နှင့်ကူးစက်ခံရသော လူနာများရှိလာပါက အသုံးပြုနိုင်ရန်အတွက်လည်းကောင်း ပြည်ပမှ ကြိုတင်ဝယ်ယူလှူဒါန်း ခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် ပစ္စည်းများရှားပါးပြတ်လပ်မှု မရှိေစရန်အတွက် ကမ္ဘောဇဘဏ်သည် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ သုံးထပ်ချုပ် ဆေးရုံသုံးနှာခေါင်းစည်း (3 Ply Surgical Masks) ၄၀၀,၀၀၀ ကို တရုတ်နိုင်ငံရှိ World Health Organization အသိအမှတ်ပြုစက်ရုံမှ တိုက်ရိုက်ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။
ထို့အပြင် မတ် ၁၈ ရက်က KBZ Bank နှင့် KBZ MS General Insurance တို့မှ COVID-19 ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များအတွက် ကနဦး မတည်လှူဒါန်းမှုအဖြစ် ငွေကျပ်သိန်း ၁၀၀၀ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို ပေးအပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍လည်း COVID-19 Virus ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လိုအပ်သလို ဆက်လက်ပါဝင်ပူးပေါင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်


