နေပြည်တော် ၂၃ မတ်
COVID-19 ရောဂါကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ကျင်းပသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Coronavirus Disease 2019 (COVID-19) ရောဂါကုသရေး အထောက်အပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဆေးဝန်ထမ်း တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း က COVID-19 ရောဂါနှင့် ပတ်သက်ပြီး တပ်မတော်မှ ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေရောဂါအထူးကု ဆေးရုံကြီး (ဝေဘာဂီ)သို့ ငွေကျပ် ၂၅ သိန်း တန်ဖိုးရှိ ရေသန့်စက် တစ်လုံးနှင့် ပြည်သူ့ ဆေးရုံများသို့ ငွေကျပ် ၁၄၄၇ သိန်း ကျော်တန်ဖိုးရှိ COVID-19 ရောဂါကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဋ္ဌာန၊ ဋ္ဌာနမှူး ဒေါက်တာထွန်းမြင့် က လက်ခံရယူသည်။
ယင်းနောက် စေတနာရှင်အလှူရှင်များက COVID-19 ရောဂါကုသရေး အထောက် အကူပြုဆေးနှင့် ဆေး ပစ္စည်းများပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) တို့က လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ယနေ့ပြုလုပ်သောအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၏ COVID-19 ရောဂါကုသရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှု အနေဖြင့် အလှူငွေကျပ်သိန်း ၁၄၈၀ ၊ Ventilator ၆ လုံး၊ Portable Ventilator အစုံ ၆၀ ၊ Oxygen ၅ လုံးနှင့် လူဦးရေ ၂၀၀၀၀ အတွက် Test Kit များကို လှူဒါန်းကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံနှင့် တပ်မတော် အသည်းရောဂါအထူးကု ဆေးရုံကြီးတို့တွင် COVID-19 ရောဂါကာကွယ် ကုသရေးအတွက် စောင့်ကြပ်ကြည့်ရှုရ မည့်သူများ ထားရှိမည့် ကုသဆောင်၊ ဆေးသိုလှောင်ခန်း၊ ထမင်းစားခန်းနှင့် အထူး ကြပ်မတ် ကုသဆောင် Intensive Care Unit(ICU)၊ ခန္ဓာကိုယ် ကာကွယ်ရေးဝတ်စုံ Personal Protetive Equipment (PPE) စသည်တို့ ဆောင်ရွက် ထားရှိမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်အတွင်း ယခင်က COVID-19 ရောဂါစောင့်ကြည့် ကုသရေးအတွက် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ခုကိုသာ သတ်မှတ် ပြင်ဆင်ခဲ့ရာမှ တပ်မတော် အသည်းရောဂါအထူးကု ဆေးရုံကြီး၌လည်း ပြင်ဆင်စောင့်ကြည့်ကုသနိုင်ရေး အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


